မိမိတို့ရဲ့ ‘ကိုယ်’ဆိုတဲ့ လူဟာ မွေးကတည်းက သူမတူစွာဖြစ်လာကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ ဘ၀အမြော်အမြင်များက ကိုယ်ဆိုတာကို ပိုမိုအသက်သွင်းစေပါတယ်။ ဒါတွေဟာ ရုပ်ပြောင်းရုပ်လွဲ အတုအယောင်ဖန်တီးလို့ရတဲ့ထဲ ပါ၀င်နေခြင်းမရှိပါဘူး။ သို့သော် ‘ကိုယ်’ဆိုတဲ့ လူနဲ့ ချိတ်ဆက်ဖို့ များစွာသော ကာရံထားတဲ့ တံတိုင်းများကို ကျော်ဖြတ်ကြရလေ့ရှိပါတယ်။ ဥပမာ မိမိနေထိုင်ရာ ပတ်၀န်းကျင်ရဲ့မျှော်မှန်းချက်၊ မိမိကာရံထားတဲ့လူတွေရဲ့ မျှော်မှန်းချက်၊ မိမိကြီးပြင်းရာ နောက်ခံ ရဲ့မျှော်မှန်းချက် စတဲ့ မိမိအပေါ် ‘ဒီလိုလူပဲဖြစ်နေရမယ်’ ဆိုတဲ့ အရာများကြောင့် ကိုယ့်ရဲ့ မူရင်း ဆိုတဲ့ လူနဲ့ မချိတ်ဆက်နိုင်ပဲ ဝေးနေကြရပါတယ်…။ ဘာကြောင့်မိမိနဲ့မိမိကြား ပြန်လည်ချိတ်ဆက်ဖို့ လိုအပ်ရသလဲဆိုတာကို အောက်ပါအချက်များက အထောက်အကူပြုနိုင်ပါလိမ့်မယ်…။
၁။ သာလွန်တဲ့ရွေးချယ်မှုများကို လုပ်ဆောင်နိုင်ခြင်း
ကိုယ်ဖြစ်နေလို့မရတဲ့အခါ ကိုယ့်အတွက်လျော်ကန်တဲ့ ရွေးချယ်မှုများနှင့်လည်း ဝေးကွာစေနိုင်ပါတယ်။ တစ်ခုခုကိုရွေးချယ်မဲ့အခါ ကိုယ်ကြိုက်မကြိုက်အရင်မတွေးမိဘဲ၊ ‘ဘေးကလူ’ ‘အိမ်ကလူ’ ‘အသိအရင်းချာ’ စတဲ့လူတွေ ‘ကြိုက်ပါ့မလား’ ဆိုတဲ့ အရာက အရင်လာလေ့ရှိပြီး ‘သူတို့ပျော်ရင်ပြီးရော…’၊ ‘ငါ့အကြိုက်ထားလိုက်ပါ…’၊ ‘ငါနောက်မှပဲ သူတို့မသိအောင်ရွေးချယ်လိုက်တော့မယ်…’ ဆိုတဲ့ နေထိုင်မှုများနှင့်အတူ နေ့စဥ်ဘ၀မှာ သိ၍သော်လည်းကောင်း၊မသိ၍သော်လည်းကောင်း ဖြတ်သန်းနေကြရပါတယ်။ အကျိုးဆက်က ဘ၀ရဲ့အချိန်တွေကို လှောင်အိမ်လေးထဲ နေရသည့်အသွင်ရှိစေပါတယ်။ ထို့ကြောင့် မိမိကိုယ်ကို ပြန်လည်ရှာဖွေနိုင်ခြင်းကို စတင်ခြေလှမ်းနိုင်တဲ့အခါ ကနဦးပိုင်း သက်တောင့်သက်သာမဖြစ်နေပေမဲ့ အချိန်တစ်ခုရောက်လာတဲ့အခါ ကိုယ့်ရဲ့ရွေးချယ်မှုများအပေါ် ကိုယ်ပိုင်လာတယ်…၊ စိတ်နဲ့ကိုယ်နဲ့ ကပ်လာသလိုခံစားရတယ်…၊ ဘ၀မှာ ပိုပြီးတည်ငြိမ်စွာနေထိုင်လာနိုင်မှာဖြစ်တယ်…။
၂။ စိတ်တွင်းငြိမ်းချမ်းမှုကို ပိုမိုဖော်ဆောင်နိုင်ခြင်း
ဒီနေရာမှာ စိတ်တွင်းငြိမ်းချမ်းမှုလို့ဆိုတဲ့အခါ တစ်နည်းအားဖြင့် ‘ပျော်ရွှင်မှု’လို့ရည်ညွန်းချင်ပါတယ်။ အပေါ်ယံစိတ်ထဲအဆင်မပြေမှု၊ ကတောက်ကဆဖြစ်မှု၊ နေ့စဥ်အလိုမကျဖြစ်မှု၊ ပူလောင်မွန်းကျပ်မှု၊ စတာတွေရဲ့ ရင်းမြစ်ဟာ မိမိတို့ရဲ့ စိတ်နှင့်ခန္ဓာ တစ်သမတ်တည်းရှိစွာ မနေထိုင်နိုင်ခြင်းကို မီးမောင်းထိုးပြနေသလိုရှိပါတယ်။ ဘာကြောင့်များ ဒီလိုဖြစ်နေရသလဲ…၊ ဘာတွေများ ‘ပြင်’ဖို့လိုနေလဲ…၊ ဘယ်လိုတွေလုပ်ရမလဲ…၊ လို့တွေးတောနေရတဲ့အချိန်တွေရှိနေနိုင်ပါတယ်…။ သေချာတာကတော့ မိမိရဲ့အတုအယောင်ကြားထဲနေရတဲ့အခါ လိုအပ်တဲ့စွမ်းအင်ထက် ပိုပြီး အားစိုက်ထုတ် နေထိုင်ရတဲ့အခါ ကုန်သင့်တဲ့စွမ်းအားထက် အဆမတန်ကုန်နေရတာမျိုး၊ လေးလံနေရတာမျိုးရှိစေတဲ့အခါ အလိုလိုစွမ်းအင်တွေကို ကုန်ခန်းစေနိုင်ပါတယ်။ ရလဒ်က မိမိအနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ နေထိုင်နည်းကို ရယူဖို့ခက်ခဲနိုင်ပါတယ်…။ အမြဲတစေစိုးရိမ်ကြောင့်ကြမှုတွေဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့မိမိကြားချိတ်ဆက်ခြင်းဟာ ပိုမိုပျော်ရွှင်လာစေပါတယ်…
၃။ ကြည်လင်ပြတ်သားတဲ့ ဘ၀ကို နေထိုင်နိုင်ခြင်း
ဘာကြောင့်များ လုပ်လိုက်တိုင်းလွဲချော်နေရသလဲ…,ဘာကြောင့်များ လူတွေနဲ့ အဆင်မပြေဖြစ်နေရတာလဲ…ဘာကြောင့်များ လိုချင်တဲ့အရာတွေနဲ့ဝေးကွာနေရတာလဲ…,ဘာကြောင့်များ အခြားလူတွေလို ဘ၀တက်လမ်းမှာ မဖြောင့်ဖြူးနေရတာလဲ ဆိုတဲ့ အရာတွေဖြစ်နေခြင်းဟာ ကိုယ်နဲ့ကိုယ်ကြား အကျွမ်းတ၀င်သိရှိနေခြင်း မရှိနေတာကြောင့်ဖြစ်နေနိုင်ပါတယ်။ တစ်ဖက်မှာတော့ ကိုယ်ဆိုတာကို လုံးလျားသိသွားတဲ့အခါ, နေထိုင်ခွင့်ရတဲ့အခါ, ကိုယ့်ရဲ့ရွေးချယ်မှု၊ ဆုံးဖြတ်ချက်ချမှု၊ အနာဂတ်အတွက်ပြင်ဆင်မှုတွေအပေါ် အချုပ်အနှောင်ကင်းစွာပုံဖော်လာနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ နောင်တကင်းစွာနေထိုင်လာနိုင်မယ်…၊ မိမိရဲ့လုပ်ဆောင်မှုများအပေါ် ထိန်းချုပ်နိုင်မှု ပိုမိုအားကောင်းလာစေမယ်…၊ မိမိအပြင် ဘေးကလူတွေကိုလည်း တွဲခေါ်လာနိုင်မယ်။ ဘ၀မှာပိုမိုတာ၀န်ယူမှု တာ၀န်ခံမှုရှိလာစေမယ်၊ ဒီကမှတစ်ဆင့် ပိုမိုကြည်လင်ပြတ်သားတဲ့ ဘ၀နေထိုင်မှုဆီ ဆက်လက်ဦးတည်လာစေနိုင်ပါတယ်။
တကယ်တော့ ဘ၀မှာ ‘ကိုယ်ဖြစ်ဖို့ပဲလိုပါတယ်…’
Thar Htoo-Be Unique
Discovery Call (30-Minutes) Free Coaching Session ကိုရယူလိုပါက https://t.me/buniqcoaching ကိုဆက်သွယ်ရန်