"The ideation corner: discover valuable content in one place and apply it to your life."

ကျွန်တော် Come Out လုပ်လိုက်ပါပြီး…

Share the Love

ဆယ်စုနှစ် (၂)စုကျော်ကြာ လောကဓံတွေရဲ့ရိုက်ခတ်မှုတွေကြား ပျောက်ဆုံးနေခဲ့တဲ့ ကျွန်တော့်ကို ကျွန်တော် ပြန်လည်ရှာဖွေတွေ့ရှိ လိုက်ပါပြီး…။ မပျော်ရွှင်နေခဲ့တဲ့ ညများစွာ၊ ကြောက်ရွံ့နေခဲ့ရတဲ့နေ့များစွာ၊ တုန်လှုပ်နေခဲ့ရတဲ့ လများစွာ၊ မစစ်မမှန်ဘဲ နေထိုင်ခဲ့ရတဲ့ နှစ်များစွာကို ကျွန်တော် သြဂုတ် (၈) ရက်နေ့၊ ၂၀၂၄ခုနှစ်၊ ည (၈) နာရီမှာ public မှာ coming out လုပ်ခဲ့ခြင်းဖြင့် အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်….။

ဒီလိုတွေကြီးမားတဲ့အရွေ့တွေကိုကျွန်တော်လုပ်နိုင်ဖို့ များစွာ မိမိနဲ့မိမိကြား ကိုယ်တွင်းပဋိပက္ခတွေ၊ ယုံမှားသံသယတွေ၊ အတ္တတွေ၊ မနာလို၀န်တိုမှုတွေ၊ ရှက်ရွံ့မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ လက်မခံချင်ခဲ့မှုတွေ၊ ဟန်ဆောင်မှုတွေ၊ လျှိုထားမှုတွေပေါင်းများစွာကို ခုခံတွန်းလှန် လိုက်အပြီးမှာ ဖြစ်လာခဲ့ပါတယ်။ တဆက်တည်းမှာလည်း ဘယ်လိုဘယ်ပုံအရွေ့တွေကို လုပ်ရမလဲ၊ မိမိကိုယ်ကိုယ်ဘယ်လိုပြန်လည် လက်ခံရမလဲ၊ ခံယူရမလဲ ဆိုတာတွေအတွက်လည်း သင်ယူမှု၊ လေ့လာမှု၊ နားလည်မှု၊ ချိတ်ဆက်မှု၊ ရှင်းလင်းမှု၊ ကြုံဆုံမှု စတဲ့ပြုပြင်ပြောင်းလဲမှုများကို အားတက်သရော လုပ်ဆောင်နေခဲ့ရပါတယ်။ ကျွန်တော်လုပ်နိုင်တဲ့အတိုင်းအတာမှန်သမျှကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။

ကျွန်တော့်အတွက်ကြီးမားတဲ့ မျှော်လင့်ချက်ကတော့ ‘လူတွေရဲ့မိမိအပေါ်လက်ခံပေးနိုင်မှု’ ပဲဖြစ်ပါတယ်။ ဒီအချိန် မတိုင်ခင်က စိတ်ထဲ ပုံဖော်ထားတာကတော့ လူတွေ ငါ့ကို ဘယ်လိုတွေအပြစ်တွေပုံချမလဲ၊ထိုးနှက်မလဲ၊ ေ၀ဖန်မလဲ၊ တွန်းချမလဲ၊ နှိပ်ကွပ်မလဲ ဆိုတဲ့အရာတွေက ကြီးစိုးနေခဲ့ပါတယ်။ ဒါတွေက ဘာကြောင့် ကျွန်တော့်ပုံပြင်တွေထဲမှာ ရှိနေခဲ့ရသလဲဆိုရင်-ကိုယ်တွေ ေ၀ဖန်ခံရဖူးတာ၊ လှောင်ခံရဖူးတာ၊ အရှက်ခွဲခံရဖူးတာ…၊ နာမည်ပြောင်ခေါ်ခံရဖူးတာ၊ အစွဲကြီးတဲ့ပတ်၀န်းကျင်နဲ့ ကာရံခံနေခဲ့ရတာ၊ လက်မခံတဲ့ပတ်၀န်းကျင်မှာနေခဲ့ရတာ၊ ဖြစ်တည်မှုကို ပြုပြင်ချင်ပြီး စစ်မှန်မှုကို မျက်ကွယ်ပြုနေတဲ့ နေရာမှာ ကာလတစ်ခုထိကြာ ရှိနေခဲ့တာ၊ စတဲ့အရာတွေကြောင့် ကျွန်တော့်အတွေးထဲမှာ coming out လုပ်ဖို့ လွန်စွာ စိုးရိမ်ထိန့်လန့်နေခဲ့မိပါတယ်…။

အမှန်တကယ် coming out လုပ်လိုက်အပြီးမှာ လူတွေရဲ့တုန့်ပြန်မှုတွေဟာ ထင်ထားသလိုဖြစ်မနေဘဲ ကျွန်တော့်အတွက်ခွန်အားတွေရခဲ့ပါတယ်။ မိသားစု၀င်များ၊ မိတ်ဆွေများ၊ ကျောင်းသား/သူများ၊ လုပ်ဖော်ကိုင်ဘက်များ၊ ဆရာ/မ များနှင့် ပရိသတ်များထံမှ အားပေးလက်ခံတဲ့ စကားတွေကို ကြားခဲ့ရလို့ အလွန်၀မ်းမြောက်ပီတိဖြစ်ခဲ့ရပါတယ်…။ တကယ်လည်းကျွန်တော် အချိန်တန်ပြီးဟု မှတ်ယူလို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ ဒီနောက်ကွယ်မှာတော့ ၀မ်းတွင်းအသိဥာဏ်-intuition မှတဆင့်လည်း များစွာ သတင်းစကားတွေပေးနေခဲ့ပါတယ်…။ တကယ်တော့ ကျွန်တော် coming out လုပ်ဖို့ ကာလဆိုတာကို စီစဥ်ထားခြင်းမရှိဘဲ သြဂုတ် (၈)ရက်နေ့မနက်မှာ ရင်ထဲပိုပြီး intuition တွေရဲ့သတင်းစကားတွေဟာကျယ်လှောင်နေခဲ့ပါတယ်…။ ထိုနေ့အတွင်း sign တွေလည်းပြတယ်၊ စျေး၀ယ်၊တက္ကဆီစီးတာကအစ ကုန်ကျငွေတွေဟာ (၈)ဂဏန်းပူးတွေနဲ့ ထိုပေါင်းဂဏန်းတွေ၊ ဖြစ်နေတာဟာလည်းအလွန်ထူးဆန်းစေခဲ့ပါတယ်။ စကြာ၀ဠာကနေ ‘မင်းမဖြစ်မနေ ဖွင့်ချပြရတော့မယ်ဆိုတဲ့ အချိန်အခါသမယလို့’ ယူဆနေခဲ့မိပါတယ်။

တကယ်လည်းကျွန်တော့်စိတ်ထဲမှာ ထိုရက်အတွင်း အရင်လို အတွေးလွန်လေ့ မရှိနေခဲ့ဘဲ ချမယ်၊ လုပ်မယ်၊ ပြောမယ်၊ တင်မယ်ဆိုတဲ့ ရဲရင့်တဲ့စိတ်တွေဟာ မွေးဖွားနေခဲ့ပါတယ်။ အခုမပြောလည်း နောက်တော့ ပြောရမဲ့အတူ ဘာထူးသေးလဲ ဆိုပြီးမြင်ခဲ့တယ်။ စစ်မှန်တဲ့လူတွေကျန်မယ်၊ မစစ်မှန်တဲ့သူတွေ မိမိဆီကနေ ထွက်ခွာမယ်၊ လူတွေရဲ့ကောင်းခြင်းဆိုးခြင်း တုံ့ပြန်မှုကို ရင်ဆိုင်မယ်ဆိုတဲ့ ထင်မြင်ချက်ကို တွေးထားနေခဲ့ပါတယ်။ ကိုယ်နဲ့ကိုယ်ကြား ရင်ကြားစေ့ပြီး ဘယ်လိုမျိုး တစ်ခုတည်း ပြန်လည်ပေါင်းစည်း မလဲ ဆိုတာတွေကိုလည်း သိမြင်ခဲ့ပါတယ်။ coming out ရဲ့ရလဒ်က ကျွန်တော့်ရဲ့ စိတ်-ခန္ဓာ-၀ိဥာဏ်တွေဟာ တစ်သားတည်းဖြစ်စေပြီး ထိုအရာတွေဟာ ချိတ်ဆက်ပြီး စတင်ကုစားလာနေတယ်လို့ခံစားမိပါတယ်။ ဒီအတောအတွင်း ဖျားနာနေတာလည်းဖြစ်ခဲ့တယ်၊ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု၊ စိတ်ခံစားမှု၊ ကျေနပ်မှု၊ ပီတိဖြစ်မှု၊ ၀မ်းမြောက်ပျော်ရွှင်မှုတွေကို ကိုယ်တွေ့ခံစားရလို့ တကယ့် မိမိကိုယ်ကိုယ် လက်ခံခြင်းဟာ လွန်စွာမှ အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာကို ကြုံတွေ့ခဲ့ရပါတယ်။

ခံစားချက်ဟောင်းများ၊ အတွေးအကြံ၊အလုပ်ဟောင်းများ၊ ဟန်ဆောင်မှုများနှင့် ကိုယ်တွင်းမလုံခြုံမှုများဟာလည်း လျှော့ကျပြီး body system upgrade ဖြစ်သလို ခံစားရပါတယ်။ တနည်းအားဖြင့် မိမိအနေနဲ့ စိတ်နဲ့ခန္ဓာ၊၀ိဥာဏ် သုံးပါးစလုံး အကျဥ်းကျခြင်းမှ လွတ်မြောက်စေခဲ့သလို အသွင်ရှိစေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘ၀ခရီးစဥ်အပေါ်ပိုကောင်းတဲ့ပုံဖော်မှုတွေနဲ့ ဖန်တီးသွားမှာဖြစ်ပြီး မိမိနဲ့အတူတူ ဘေးက လူတွေကိုလည်း တတ်နိုင်တဲ့ဘက်က တွဲကူပေးသွားမှာဖြစ်ပါတယ်။ Transformation is a collective journey, not an individual one. We grow together as a community and tribe.-တိုးတက်ပြောင်းလဲခြင်းသည် တစ်ဦးတစ်ယောက်တည်းသွားရတဲ့ခရီးစဥ်မဟုတ်ပါ၊ အားလုံးအသင်းအဖွဲ့တွေနဲ့သာတိုးတက်နိုင်ကြပါတယ်။

နိဂုံးချုပ်မှာတော့ ကျွန်တော့်ရဲ့ Coming Out Story ကိုလည်း Project Be Unique Channel မှာ နာရီ၀က်စာတင်ပြမျှ ေ၀ပေးထားတာမို့ အချိန်အားခဲ့လျှင်လည်း သွားရောက်လေ့လာသင်ယူနိုင်ပြီး ခရီးတူ သူများအနေနဲ့လည်း ခွန်အားများ ရယူနိုင်ကြပါစေလို့ ဆုတောင်းပေးအပ်ပါတယ်ဗျာ။

ပိုမိုကောင်းမွန်တဲ့ ‘သင်’ ဆိုတဲ့လူကို ပြန်လည်ရှာဖွေပြီး ‘လက်ခံ’ သွားနိုင်ကာ ကျန်ရှိနေသေးသောဘ၀အချိန်တွေကို အရည်အသွေးရှိစွာနဲ့ ဖြတ်သန်းသွားနိုင်ပါစေလို့ Thar Htoo-Be Unique မှာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”

Thar Htoo-Be Unique

Share the Love