လောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကိုပြပါဆိုလျင် မိမိတို့ရဲ့ လူသားအဖြစ်ရပ်တည်ရှင်သန်ခွင့်ဆိုတဲ့အချက် ဖြစ်ပါတယ်။ သို့ရာတွင် ငြိမ်းချမ်းစွာ ရပ်တည် ရှင်သန်မှုကို များစွာသော အတားအဆီးများက ကာရံထားကြလေ့ရှိပါတယ်။ ထိုထဲမှ “မိမိရဲ့ ဖြစ်တည်နေမှု များအပေါ် အလိုမကျခြင်း နှင့် လက်ခံဖို့ ခဲယဥ်းခြင်း” ဆိုတဲ့အချက်က ထိပ်ဆုံးမှရပ်တည်နေလေ့ရှိတဲ့ အတားအဆီးတစ်ခုဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒါဟာလည်း ဆယ်စုနှစ် (၃)စုအကြာ ဘ၀ဖြတ်သန်းမှုအပြီး လေ့လာတွေ့ရှိခဲ့တဲ့အရာဖြစ်ပါတယ်။ ဖြစ်တည်မှုအပေါ် ၀မ်းမြောက်စွာ ကြိုဆိုလက်ခံဖို့ အောက်ပါအချက်များက အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။
၁။ မပြည့်စုံခြင်းက ပြည့်စုံခြင်းပါ…
ဗျာများခြင်း၊ စိတ်သောကရောက်ရခြင်း၊ စိတ်ပူပန်မှုဖြစ်ခြင်း စတဲ့ အချက်တွေဟာ မပြည့်စုံခြင်းအပေါ် မေးခွန်းထုတ်နေခြင်းသာဖြစ်ပြီး မပြည့်စုံခြင်းသည် ပြည့်စုံခြင်းဆိုတဲ့အချက်ကို မြင်နိုင်ဖို့ မေ့လျှော့နေခြင်းသာဖြစ်တယ်…။ ရှင်သန်နေသရွေ့ ဘယ်သောအခါမျှ ပြည့်စုံခြင်းဆိုတဲ့အချက်က ရှိနေနိုင်မှာလည်း ဆိုတာကိုလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်…။ တစ်ခုမဟုတ် တစ်ခုခုက အမြဲလိုအပ်ချက်လို ရှိနေနိုင်ပါလိမ့်မယ်…။ ဒါဟာလည်း တစ်ခုခု ရရှိလိုက်မှုအပြီး, အောင်မြင်လိုက်မှုအပြီး ခံစားရတဲ့ ခံစားချက်မဟုတ်လား…။
၂။ အားသာချက် နှင့် အားနည်းချက်က တစ်စုတစ်စည်းတည်းပါ…
အားသာချက်ကို လက်ခံကြိုဆိုကြတဲ့ ယဥ်ကျေးမှုက အားကောင်းနေသော်လည်း အားနည်းချက်ကိုမူ ငြင်းဆန်တတ်လေ့ရှိတဲ့ ပတ်၀န်းကျင်ကြောင့် မိမိတို့ရဲ့ အားနည်းချက်ကို ဖုံးဖိနေထိုင်မိပြီး ဒီလိုနဲ့ မိမိကိုယ်ကိုပါ သိ၍သော်လည်းကောင်း,မသိ၍သော်လည်းကောင်း ပြန်လည်ငြင်းဆန်တတ်တဲ့ပုံစံတွေ ရှိလာကြပါတယ်။ ဒါကြောင့် မိမိရဲ့အားသာချက်တွေအပေါ် ဂုဏ်ယူနေနိုင်သော်လည်း အားနည်းချက်တွေအတွက် နားလည်ခွင့်လွတ်နိုင်ဖို့ခဲယဥ်းနေတတ်ပါတယ်…။ တစ်ဖက်မှာလည်း ဒါဟာ စင်းလုံးချောဖြစ်ချင်တဲ့ လူ့ရဲ့မွေးရာပါအကျင့်တစ်ခုလို့လည်း ဆိုနိုင်ပါလိမ့်မယ်…။ အကယ်စင်စစ် အားသာချက်နှင့်, အားနည်းချက်တို့ဟာ တစ်ဦးတည်းမှာ ဒွန်တွဲပြီး ရှိနေကြတဲ့အရာတွေသာဖြစ်ပြီး ပြန်မြင်အောင်ကြိုစားသွားသင့်ပါတယ်…။
၃။ အကြောက်တရားတွေနဲ့ ရင်ဆိုင်ပါ…
အမှန်တော့ အကြောက်တရားရှိခြင်းက လုံခြုံစွာ အသက်ရှင်သန်မှုအတွက် ကျားကန်ပေးထားနိုင်ပါတယ်…။ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေရတဲ့အခါ မှန်ကန်တဲ့ အကြောက်တရားတွေရဲ့ဦးဆောင်မှုကြောင့် ဘေးအန္တရာယ်မှ လွတ်မြောက်ကြရပါတယ်…။ ဥပမာ မိမိအတွက် ဆုံးရှုံးနစ်နာမှုဖြစ်ရပ်များကို အကြောက်တရားရှိခြင်းကြောင့် ရှောင်ကွင်းပေးစေနိုင်ပါတယ်…။ သို့သော် ကောင်းမွန်သော အပြောင်းအလဲများနှင့် အရွေ့များကိုမူ ကြောက်ရွံ့ခြင်းက ကာဆီးထားသည့်အခါ ဒါဟာ အတားအဆီးသဖွယ် ပြန်ဖြစ်နေလေ့ရှိပါတယ်…။ ဒါဟာ ဦးနှောက်ရဲ့ဖြစ်ရပ်တွေအပေါ် မခွဲခြားနိုင်တဲ့ တုံ့ပြန်မှုလို့ပဲပြောပြော မိမိရဲ့ အကြောက်တရားတွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးတာလို့ပဲပြောပြော, မိမိရဲ့သိစိတ်မှုက ပြန်လည်ထိန်းညှိပေးနိုင်ခဲ့ပါက အရွေ့ကောင်းတွေကိုလုပ်ဆောင်လာနိုင်မှာသေချာစေပါလိမ့်မယ်…။
၄။ ပုံပြင်တွေကို ပြန်လည်စိစစ်ပါ…
အတိတ်က ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံတွေက တစ်နည်းတစ်ဖုံ မှန်ကန်မှုရှိပါတယ်။ မိမိတို့အတွက် ဖြစ်ခဲ့ကြောင်းနှင့် ကြုံတွေ့ခဲ့ရကြောင်းဆိုတဲ့အပေါ် ငြင်းပယ်လို့မရနိုင်ပါဘူး…။ မိမိတို့ရဲ့ လက်ရှိကာလ ပြုမူလုပ်ဆောင်မှုနှင့် ရွေးချယ်နေထိုင်မှုတွေဟာ အတိတ်က ဖြစ်ရပ်တွေရဲ့ ပုံဖော်မှုနှင့် တွန်းပို့မှုတွေကြောင့်ဆိုရင်လည်း မမှားပါဘူး။ သို့သော် ဖြစ်ခဲ့တာတွေအပေါ် ပြန်လည် သုံးသပ်ခြင်း၊ ပြန်လည် လည်ပတ်ခြင်းနှင့် နေရာတကျ ထားရှိခြင်းများကို ပိုမိုလုပ်ဆောင်နိုင်လေလေ ရှင်းလင်းချက်တွေဟာ တိုးလာနိုင်လေလေဖြစ်ပြီး ထိုမှတဆင့် ပိုမိုအလေးသာတဲ့ ပြောင်းလဲမှုဆီ ဦးတည်သွားနိုင်မှာဖြစ်ပါတယ်…။ တစ်ခါတစ်ရံ မိမိတို့ ပုံဖော်ထားတဲ့အရာတွေက မိမိတို့ဘက်ကပဲ မှန်ကန်နေသလို ရှိနေတတ်ပြီး ဘက်ပေါင်းစုံထည့်တွေး လိုက်တဲ့အခါ ထိုဖြစ်ရပ်တွေအပေါ် သမာသမတ်ကျစွာ ပြန်လည်မြင်လာနိုင်စွမ်းရှိစေပါတယ်…။
၅။ လိုတာတွေအတွက် နေရာပိုပေးသွားပါ…
အချိန်အကန့်အသတ်နဲ့သာ လည်ပတ်နေတဲ့ ဘ၀အပိုင်းအခြားလေးမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့အရွေ့တွေ၊ လိုအပ်မဲ့အရာတွေ၊ လိုအပ်မဲ့ လူတွေနဲ့သာ ဖြတ်သန်းဖို့ ထိုက်တန်ပါတယ်…။ ဘ၀ကို အစကနေအဆုံးထိ ပုံဖော်ကြည့်နိုင်ပါက မိမိအနေနဲ့ စလယ်ဆုံးဆိုတဲ့ ကာလအပိုင်းအခြားတွေမှာ ဘယ်လိုမျိုးလုပ်သွားသင့်လဲဆိုတာကို ပိုမိုမြင်လာနိုင်ပါလိမ့်မယ်…။ အချိန်တွေအများကြီးပိုင်ဆိုင်နေသေးတယ်လို့ မျှော်လင့်ကြတယ်…, မနက်ဖြန်တွေမှဘဲ ဆက်လုပ်တော့မယ်လို့ တွေးကြတယ်…, ရပါသေးတယ်…ဆိုတဲ့စိတ်အခြေအနေကြောင့် နေရာဟောင်းမှာပဲ ဆက်လက်နေထိုင်နေမိတယ်…၊ စတဲ့ အကြောင်းတရားတွေကြောင့် သာလွန်တဲ့အရွေ့တွေဆီ ဦးတည်ဖို့ ကြန့်ကြာနေနိုင်ပါတယ်…။ မည်သို့ဆိုစေ မိမိအတွက်ပိုကောင်းတယ်ဆိုတဲ့ အချက်ကို တွေ့ရှိလာတဲ့အချိန်ဟာ နောက်ကျမနေသင့်စေတာကို အမှတ်ရဖို့လိုပါတယ်…။
အချုပ်အားဖြင့်ဆိုသော် မိမိဆိုတဲ့ နောက်ထပ်ဒုတိယလူမရှိနေတာက သေချာပါတယ်…။ မိမိရဲ့ ပစ္စုပ္ပန်က လူဆိုတဲ့ လူကို ပိုမိုတောက်ပြောင်လာအောင်၊ အကောင်းဆုံးတွေပေးနိုင်အောင် ကြိုးစားပေးသွားဖို့ကိုပဲ အာရုံစိုက်သွားသင့်ပါတယ်…။ ဖြစ်တည်မှုကို ၀မ်းမြောက်စွာ လက်ခံခြင်းသည် ဘ၀ရဲ့ ပိတ်ဆို့နေသော တံတိုင်းများကို ကိုယ်တိုင်အောင်မြင်စွာ ကျော်လွှားနိုင်ခြင်းဖြစ်တယ်…လှောင်အိမ်လေးကနေ ရုန်းထွက်ကာ လွတ်မြောက်ခြင်းသာဖြစ်တယ်…။
“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”
Thar Htoo-Be Unique