လုပ်ရင်းလုပ်ရင်းနဲ့လမ်းပျောက်သလိုခံစားရတာက လူတိုင်းနီးပါးကြုံဆုံရတဲ့ ပြဿနာ (သို့) ဖြစ်စဥ်ဖြစ်ပါတယ်။ ကိုယ်က ဒီလမ်းကြောင်းအထိသွားမယ်၊ ကြိုးစားရင်းနဲ့ အချိန်တစ်ခုအတွင်းမှာ ရောက်သွားတယ်…၊ ပြီးပြည့်စုံတယ်ဆိုတဲ့ခံစားချက်ကိုတော့ ကာလတစ်ခုလောက်ထိရလိုက်တယ်…၊ သို့သော် ထိုအရာတွေအနည်ထိုင်သွားတာနဲ့ လူက မပျော်တော့သလိုဖြစ်လာတယ်၊ ဒုံရင်းဆန်လာတယ်၊ ဘာဆက်လုပ်ရမလဲမသိဖြစ်လာတယ်။ ဥပမာ ကိုယ်က ကျောင်းပြီးဘွဲ့ရသွားရင် အိမ်မက်တွေပြည့်သွားပြီး ပျော်စရာတွေနဲ့ပဲကြုံရမယ်စသဖြင့်တွေးရာကနေ အမှန်တကယ်လည်း ဘွဲ့ရသွားတဲ့အခါ ခံစားချက်က အချိန်တစ်ခုထိပဲ အမြင့်ဆုံးရောက်နေပြီး ကာလတစ်ခုရောက်သွားတဲ့အခါ လူက တိုးတက်သလိုလို မတိုးတက်တော့ သလိုလိုဖြစ်လာတယ်။
ဒီလိုတွေ ပုံစံတွေဖြစ်နေတာဟာ မိမိတစ်ယောက်တည်းမဟုတ်ဘဲ လူတွေမှာ အနည်းနဲ့အများထိရှိတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ငြီးငွေ့လာတာ၊ မပျော်တော့တာ၊ အနာဂတ်ပျောက်သလိုဖြစ်တာ၊ စတဲ့အချက်တွေကို ပြန်လေ့လာဆန်းစစ်ကြည့်လိုက်တဲ့အခါ မိမိတို့ရဲ့ ‘ရည်ရွယ်ချက်-purpose’တွေမှာ စကားပြောလာပါတယ်။
ကိုယ်က ဘာရည်ရွယ်ချက်နဲ့ ရှင်သန်နေသလဲ?
ဘာအတွက် တစ်ရက်ပြီးတစ်ရက် အိပ်ယာက နိုးထလာရသလဲ?
ဘယ်သူတွေအတွက် အလုပ်တွေသွားနေရသလဲ?
ဘာကြောင့် သက်ဆိုင်ရာ အလုပ်တွေမှာလုပ်နေရသလဲ?
စတာတွေကို ပြန်လည်မေးမြန်းပြီး မိမိကိုယ်ကိုယ် ပြန်လည် အသက်သွင်းဖို့ လိုအပ်လာပါတယ်။စစ်တမ်းတွေအရ ဘ၀မှာ အသက်ရှည်ပြီးပျော်ရွှင်စွာနဲ့ နေထိုင်နိုင်ကြတဲ့လူတွေမှာ သူတို့ရဲ့ဘ၀ရည်ရွယ်ချက်တွေဟာ ရှင်းလင်းတိကျပြီး ပြတ်သားနေကြတာတွေကိုတွေ့ရှိခဲ့ပါတယ်။ သာဓက အားဖြင့် ဂျပန်နိုင်ငံရှိ အိုခီနာ၀ါ ကျွန်းသူကျွန်းသားတွေဟာ ကမ္ဘာပေါ်မှာအသက်ရှည်ကြာဆုံးနေထိုင်နိုင်ကြတဲ့လူတွေဖြစ်ကြပါတယ်။ ဒီရဲ့နောက်ကွယ်မှာသူတို့ဟာ ရှင်းလင်းတဲ့ ရည်ရွယ်ချက်တွေရှိနေကြလို့ဖြစ်ပါတယ်။ရည်ရွယ်ချက်တွေအကြီးအသေးတွေဟာ မိမိတို့ရဲ့ ခံယူချက်တွေအကြီးအသေးတွေနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်…။
မိမိတို့ရဲ့ရည်ရွယ်ချက်တွေ-Purpose ဟာ အောက်ဖော်ပြပါ ပင်မအချက်တွေရဲ့ ကျားကန်ထားမှုကို ရယူထားလို့ဖြစ်ပါတယ်။ ဆက်လက်လေ့လာကြရအောင်…။
၁။ မိမိတို့ရဲ့ခံယူချက် (Identity)
မိမိတို့ရဲ့ခံယူချက်ဟာလည်း ရည်ရွယ်ချက်-purpose တွေကိုကျားကန်ပေးထားပါတယ်။ ဒီရည်ရွယ်ချက်ဖြစ်မြောက်ဖို့ ကိုယ်ကဘယ်သူအဖြစ်နှင့်ရပ်တည်မလဲ၊ ဥပမာ မိမိအနေနဲ့ နှလုံးရောဂါတွေခံစားနေရသော လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်သူ နှလုံးအထူးကုဆရာ၀န်လုပ်မလား? ဒီလိုခံယူချက်ဟာ ဘယ်သူမှလာပြီး အမည်မပေးဘဲ မိမိကိုယ်တိုင်သာ သတ်မှတ်ရမှာဖြစ်တယ်။
၂။ ယုံကြည်မှုနှင့်စံတန်ဖိုးများ (Beliefs & Values)
ကိုယ့်အနေနဲ့ အထက်ပါ ခံယူချက်အရ နှလုံးအထူးကုဆရာ၀န်ဖြစ်လာဖို့ ဘယ်လိုမျိုးယုံကြည်မှုနှင့် ရွက်လွင့်နေထိုင်မလဲ? ဆရာ၀န်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးစံတန်ဖိုးတွေနှင့် ဖြတ်သန်းမလဲ? ကိုယ်ရဲ့တန်ဖိုးတွေနှင့် လိုက်လျောညီထွေစွာ ဖြစ်ဖို့ ဘယ်လိုရွေးချယ်မှုမျိုး သတ်မှတ်ပြီးလိုက်နာကာ ဆောင်ရွက်ကြမလဲ စသောအရာတွေကို ဆင့်ကဲတွေးတောနိုင်ကြဖို့လိုပါမယ်။
၃။ စွမ်းရည်နှင့်အရည်အချင်းများ (Capabilities)
နှလုံးအထူးကုဖြစ်ဖို့ အပြောနဲ့ လုပ်လို့မရနိုင်ပါဘူး၊မိမိရဲ့ လေ့လာသင်ယူမှုနှင့်လိုက်စားမှု၊ မိမိရဲ့စွမ်းရည်တွေကို လေ့ကျင့်အသုံးချမှု၊ စသော လက်တွေ့ဆန်နိုင်မှုတွေကိုထည့်သွင်းစဥ်းစားရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်မှာ မိမိအနေနဲ့ ယုံကြည်မှုတွေနည်းနေတယ်၊ စိုးရိမ်မှုလွန်ကဲနေတယ်၊ ကြောက်ရွံ့နေတယ်ဆိုတာတွေကို မိမိအနေနဲ့ လိုအပ်တဲ့ စွမ်းရည်နှင့်အရည်အချင်းတွေကို စနစ်တကျလေ့လာသင်ယူထားခြင်း၊ လေ့ကျင့်ခြင်းမရှိလို့ ဖြစ်ပါတယ်။ ဒါကြောင့်မည်သို့သောနည်းလမ်းနှင့်စွမ်းရည်တွေကိုဖြည့်တင်းမလဲဆိုတာကို စဥ်းစားရမှာဖြစ်တယ်။ ဥပမာ ဘယ်နေရာ၊ ဘယ်လိုဆရာတွေနဲ့ အစုအဖွဲ့တွေနဲ့ချိတ်ဆက်ကြမလဲ…?
၄။ ပြုမူကျင့်ကြံခြင်း (Bahaviors)
မိမိအနေနဲ့ စွမ်းရည်နှင့်အရည်အချင်းများ ပိုမိုတောင့်တင်းခိုင်မာလာဖို့ ဘယ်လိုမျိုးရွေးချယ်ပြုမူနေထိုင်ကြမလဲဆိုတဲ့မေးခွန်းက ရှိလာပါတယ်။ ဥပမာ ကိုယ်က စွမ်းရည်မြှင့်တင်ဖို့ ဘယ်လိုတွေ လေ့လာရမလဲ? တစ်နေ့ဘယ်နှစ်နာရီစာဖတ်မလဲ? သက်ဆိုင်ရာအတန်းတွေကိုတက်မလဲ? လူတွေနဲ့ ချိတ်ဆက်နှီးနှောမလဲ?၊ ဘာတွေကို ဘယ်လိုတွေလေ့ကျင့်ပြီး ဖြည့်တင်းမလဲ? စတာတွေကို အသေအချာနှင့် စနစ်တကျ လုပ်ဆောင်သွားရမှာဖြစ်တယ်။ မဟုတ်ရင် မိမိသွားလိုတဲ့ ရွယ်ရွယ်ချက်နဲ့ကိုက်ညီမှုရှိနိုင်မှာမဟုတ်လို့ပါ…။
၅။ လူမှုပတ်၀န်းကျင် (Environment)
ကိုယ်သွားနေတဲ့လမ်းကြောင်းက လူထုအနေနဲ့အမှန်တကယ်လိုအပ်ချက်ရှိနေလား? များသောအားဖြင့် လူတွေမှာ ကိုယ်ပေးချင်တာပဲပေးနေမိတာပဲရှိပြီး လူတွေရဲ့လိုအပ်ချက်တွေကို မေ့လျှော့ထားနေတတ်ကြပါတယ်။ ဒါကြောင့် ဒီလိုလွဲနေတဲ့အခါ ကိုယ်လုပ်နေတဲ့အလုပ်တွေက ပေါက်ရောက်မှုမရှိနေတာမျိုး၊ လူတွေစိတ်မ၀င်စားနေတာမျိုးဖြစ်နေတတ်ပါတယ်။ အထက်ပါ နှလုံးအထူးကု ဥပမာအနေနှင့်ကတော့ လူမှုပတ်၀န်းကျင်က အထူးလိုအပ်နေတဲ့အချက်ဖြစ်လို့ မိမိအနေနဲ့ လမ်းကြောင်းမှန်တယ်လို့ဆိုနိုင်ပါတယ်။
ဒီအချက်တွေကိုလေ့လာပြီး ဘာကြောင့်မိမိအနေနဲ့ လမ်းပျောက်နေသလဲ? တန့်နေသလဲ? ရှေ့တိုးနောက်မဆုတ်ဖြစ်နေလဲ? မိမိအနေနဲ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေအပေါ်မှာ ဘာကြောင့်အလိုမကျဖြစ်နေရသလဲ? ယုံကြည်ချက်တွေဘာကြောင့်အားနည်းနေသလဲလို့ထင်နေလဲ? စတဲ့နောက်ကွယ်မှာအထက်ပါ အချက် (၅)ချက် ခိုအောင်းနေတယ်ဆိုတာကို အမှတ်ရသင့်ပါတယ်။
သင့်အနေနဲ့ လမ်းပျောက်နေသလိုဖြစ်ပြီး ရည်ရွယ်ချက်တွေကို သေချာရှင်းလင်းစွာရှာဖွေလိုတယ်ဆိုရင်တော့ Project Be Unique ရဲ့ EP.40 Ikigai ကိုဘယ်လိုရှာဖွေရမလဲ ဆိုတဲ့ဗီဒီယိုလေးကိုကြည့်ဖို့အကြံပြုပါတယ်။
အားမာန်အပြည့်ဖြင့် ပိုကောင်းတဲ့မနက်ဖြန်တွေကို ဖန်းတီးနိုင်ကြပါစေ။
“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”
Thar Htoo-Be Unique