ဘဝမှာ သမမျှတစွာနေထိုင်နိုင်ဖို့နဲ့ အဓိပ္ပါယ်ရှိစွာနေထိုင်ဖို့ ဆိုရင် ကျွန်တော်တို့လူသားတွေဟာ လုပ်စရာရှိတာတွေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို လုပ်သွားကြရမှာဖြစ်ပါတယ်။ မိမိတို့ကဘဲ တစ်ဖက်သတ်ပေးနေတာမျိုး၊ တစ်ဖက်သတ်ကြီးယူနေတာမျိုးမဟုတ်ပဲ အပေးအယူ၊ အပြန်အလှန်နဲ့ ကိုယ့်တာ၀န်၊ သူ့တာ၀န်တွေကို ကျရာနေရာကနေယူခဲ့မယ်ဆိုရင် ကမ္ဘာကြီးဟာလည်း သာယာလှပါလာနိုင်မှာ အသေအချာပါပဲမဟုတ်လား။ ဒီဆောင်းပါးတိုလေးမှာတော့ မိမိတို့အနေနဲ့ ဘ၀မှာ အကျိုးရှိစွာနေထိုင်နိုင်ဖို့ လိုက်နာကျင့်သုံးသွားသင့်တဲ့ 5Cs လေးကိုမျှ ေ၀ပေးလိုက်ရပါတယ်။
၁။ Contribution
စကြာ၀ဠာရဲ့ သဘောတရားက အပေးအယူကြီးဆိုတဲ့ ဖြစ်စဥ်ပေါ်မှာ မူတည်နေပါတယ်။ Action is Reaction ဆိုသလို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိပါတယ်။ ကိုယ့်ဘက်က အယူချည်းပဲရှိနေတဲ့အခါ scarcity ပြတ်လတ်မှုတွေနဲ့သာကြုံဆုံရနိုင်ပါတယ်။ လူတွေကလည်း ကိုယ့်ဆီကနေထွက်ခွာသွားနိုင်ပါတယ်။ ဒီတော့ ကိုယ့်ဘက်ကနိုင်သလောက်ပြန်ပြီး ကိုယ့်ဘေးကလိုအပ်နေတဲ့လူတွေအတွက် တဖန်ပြန်လည်ကူ ညီပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့တွေက ပေးတဲ့အခါမှာ ကြီးမားနေမှ၊ သာလွန်နေမှ၊ ကောင်းမွန်နေမှဆိုပြီး တထစ်ချမှတ်ယူထားကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ “ပေးချင်တဲ့” စိတ်လေးကိုယ်၌က မြင့်မြတ်နေပြီးသားမို့ မိမိပေးတဲ့အရာတွေ၊ ပစ္စည်းတွေက ကောင်းမွန်သာလွန်နေမှဆိုတဲ့အတွေးလေးတွေကို ဖြုတ်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ဆိုတော့ရှိတာလေးတွေနဲ့ နိုင်တာလေးတွေနဲ့ပေးသွားဖို့သာ အရေးကြီးပါတယ်။
၂။Caring
လူ့သဘာ၀အရ ကျွန်တော့်တို့ရဲ့ အတွင်းစိတ်ထဲမှာ ဂရုစိုက်မှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ သနား ကြင်နာမှုတွေခိုအောင်းနေပါတယ်။ ဘာတွေက ထိုအရာတွေကိုဖုံးလွှမ်းထားတယ်ဆိုရင် ကျွန်တော်တို့မှာရှိတဲ့အတ္တတွေ၊ မကောင်းတဲ့အတွေး၊စိတ်တွေနဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ဟာ ပတ္တမြားနွံနစ်နေသလိုဖြစ်နေပါတယ်။ ဒီတော့နွံထဲကနေ ရုန်းထွက်ရမယ်၊ ဘေးကအကူအညီနဲ့ကိုယ့်ရဲ့ တောက်ပတဲ့အရာတွေကိုအသက်သွင်းဖို့လိုပါလိမ့်မယ်။ ဒီတော့မှသာလျှင်ကျွန်တော်တို့ တွေ မိမိနဲ့အခြားလူတွေအပေါ် ဂရုစိုက်ပေးတတ်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အားသာနေသူက အားနည်းနေသူကို ကူညီနိုင်သလို အားနည်းသူကလည်း သူနိုင်ရာလေးတွေနဲ့ လိုအပ်နေတဲ့သူတွေကို ပြန်လည်ကူညီပြီး အလင်းတွေပေးနိုင်တယ်ဆိုတာကို မှတ်ယူရမှာဖြစ်ပါတယ်။ ဘာမှမပေးနိုင်ရင်တောင် အပြုံးပန်းတွေ၊ ပွေ့ဖက်မှုတွေ၊ လက်မှတ်ထောင်ပြမှုတွေကို စစ်မှန်စွာနဲ့ လူတိုင်းလုပ်နိုင်မယ်လို့ယူဆမိပါတယ်။
၃။ Craving
မိမိတို့ဘ၀မှာ လူဖြစ်လာတဲ့အခါဆာလောင်မှုတွေပါလာကြပါတယ်။ ဘာကိုအငမ်းမရဆာလောင်မှုရှိနေတာလဲ?
အိပ်ဖို့နဲ့ စားဖို့သောက်ဖို့ချည်းမဟုတ်ပဲ ရရှိပိုင်ဆိုင်ထားတဲ့ဘ၀အတွင်းမှာ ကိုယ်ဖြစ်ချင်ရချင်တဲ့အရာတွေ၊ တောင်းတချင်တဲ့အရာတွေအပေါ်မှာ ရရှိဖို့ဆိုရင် ငတ်မွတ်မှုရှိနေရပါမယ်။ ဒီတော့မှ အနောက်ကနေလုပ်ချင်ကိုင်ချင်တဲ့စိတ်တွေပေါ်လာမှာဖြစ်ပါတယ်။ လိုချင်စိတ်မရှိရင် ဘယ်လိုပဲ အခွင့်အရေးကောင်းတွေဘေးမှာရှိလင့်ကစား မယူဖြစ်ပါဘူး။ ဒီတော့နောက်တစ်ဆင့်တက်ချင်ရင် အငမ်းမရတဲ့စိတ်ထားပါ။ ကိုယ့်အတွက်တိုးတက်ချင်တဲ့အရာတွေကို ဆာလောင်မှုရှိစွာနဲ့လုပ်ပါ။ အောင်မြင်သူတွေကိုမေးကြည့်ပါ… သူတို့အနာခံခဲ့ကြတယ်၊ အငမ်းမရအလုပ်တွေကိုလုပ်ခဲ့ကြတယ်၊ ပေးဆပ်ခဲ့ကြတယ်၊ စိတ်ဆန္ဒပြင်းပြမှုတွေနဲ့ခရီးဆက်ခဲ့ကြတယ်။ လွယ်လင့်တကူလုပ်ပြီး အောင်မြင်လာတယ်ဆိုတာ စစ်မှန်တဲ့အောင်မြင်မှုမဟုတ်ပါဘူး။ အယောင်ဆောင်တွေနဲ့ ရည်ရှည်အောင်မြင်ဖို့လည်းမလွယ်ကူပါဘူး။
၄။ Curing
နေ့စဥ် အမြဲကိုယ့်အတွက်ကိုယ်ဟာ ကုသနေရတဲ့ ဆရာ၀န်ပါ။ ကိုယ့်မှာရှိတဲ့အနာတွေ ကျက်တော့မှာ အားအင်အပြည့်နဲ့လျှောက်လှမ်းသွားနိုင်မှာဖြစ်တယ်။ ဘေးကလူတွေကိုလည်း လိုသလိုကူညီပေးနိုင်မှာဖြစ်တယ်။ တစ်ကြိမ်တစ်ခါပဲလုပ်ပြီး အမြစ်ပြတ်တယ်လို့မရှိပါ။ ဒီတော့ ကိုယ်မှာ အမြဲတမ်း ကုသနေရမှာဖြစ်တယ်၊ လိုအပ်ရင်လိုအပ်သလို ဆေး၀ါး (သို့) တတ်ကျွမ်းနားလည်သူတွေရဲ့ အကူအညီတွေနဲ့လုပ်ဆောင်သင့်ပါတယ်။ တကယ်တော့ဘ၀မှာ အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်တွေ ပေါင်းစပ်ထားလို့ ရရှိခဲ့တဲ့ အတွေ့အကြုံအကောင်းအဆိုးတွေ အတွက် မိမိရဲ့ ဦးနှောက်က မှတ်သားထားလေ့ရှိပါတယ်။ ရံဖန်ရံခါ တွေးမိပြီး ပြန်ပေါ်လာတာမျိုး၊ အနာပေါ်ဒုတ်ကျလာတာမျိုး ကလူတိုင်းမှာဖြစ်လေ့ရှိပါတယ်။ တစ်ခုသိထားသင့်တာက ဘ၀ဟာ oneness ဖြစ်ပါတယ်။ အကောင်းအဆိုးဒွန်တွဲနေတဲ့အရာဖြစ်လို့၊ အကောင်းတွေချည်းကိုဆယ်ယူလို့မရနိုင်ပါဘူး။ ဖြစ်လာတဲ့အရာတွေအပေါ်မှာ သင့်တင့်လျှောက်ပတ်စွာနေထိုင်သွားတတ်ဖို့လိုပါတယ်။ ထိုအရာတွေကိုလည်းနေ့စဥ်နဲ့အမျှကုသမှုတာ၀န်က ရှိနေမှာဖြစ်ပါတယ်။ လုပ်စရာရှိတာလုပ်သွားကြရမှာဖြစ်ပါတယ်။
၅။ Compounding
ရောက်ချင်တဲ့ ပန်းတိုင်၊ နေရာကို တစ်နေ့တာ (သို့)တစ်နှစ်တာ နဲ့ မလုံလောက်ပါဘူး။ နေ့စဥ် ကိုယ်ဘာလုပ်နေတာလဲ ဆိုတာနဲ့သက်ဆိုင်နေပါတယ်။ ဖြစ်ချင်တဲ့ အနာဂတ်ဟာ ပစ္စုပ္ပန် မှာဘာလုပ်နေတာနဲ့ဆက်စပ်နေပါတယ်။ မိုးပေါက်လေးတွေကို စုစည်းပြီး ရေခံထားသလို၊အချိန်တစ်ခုရောက်တဲ့အခါ တစ်ဖြည်းဖြည်းနဲ့ ပြည့်လျှံလာမှာဖြစ်ပါတယ်။ ယနေ့ အပင်စိုက် ယနေ့အသီးမသီးနိုင်လို့ အချိန်ယူပြီး ရေလောင်းပေါင်းသင် မြေသြဇာတွေကျွေးရမှာဖြစ်တယ်။ ထို့အတူ မိမိမှာရှိတဲ့ စွမ်းရည်တွေ၊ ဥစ္စာဓန၊ ပိုင်ဆိုင်မှုတွေကိုလည်း နည်းရာကနေများလာအောင်ဘယ်လို ဆပွားလုပ်ဆောင်ရမလဲဆိုတဲ့နည်းနာတွေကိုသင်ယူလေ့လာသင့်ပါတယ်။ ပိုမိုပွားများလာဖို့ work hard, လုပ်ပြီးတဲ့အခါ work smart ပြန်လုပ်တတ်ရပါလိမ့်မယ်။
ဒီဆောင်းပါးတိုလေးကိုဖတ်ပြီးတဲ့အခါမှာ တစ်ခုခုရသွားမယ်လို့ယုံကြည်မိပါတယ်။ မိမိအနေနဲ့ ဘယ် ‘C’ ကိုပိုပြီးလုပ်ဆောင်ဖို့လိုအပ်နေသလဲ? လုပ်ဆောင်ဖို့ ဘယ်အရာတွေက တားဆီးနေသလဲ? စတဲ့မေးခွန်းတွေမေးပြီး ပြန်သုံးသပ်ကြည့်ရင်း ဘ၀မှာ ပိုမိုကောင်းမွန်စွာနဲ့ နေထိုင်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Thar Htoo-Be Unique