"The ideation corner: discover valuable content in one place and apply it to your life."

သင့်ရဲ့ အားသန်ရာတွေကို ပြန်လည်ရှာဖွေပါ

Share the Love

၀လုံးလေး စတင်ရေးခဲ့ရတဲ့အချိန် ဆရာမက ညာဘက်မှာ ခဲတံကိုင်ပြီးလိုက်ရေးရမယ်ပြောတဲ့အခါ ကျွန်တော့်အတွက် သက်တောင့်သက်သာမဖြစ်ခဲ့တဲ့အပြင် ရေးဖို့ ခက်ခဲစေခဲ့ပါတယ်။ အခြားကလေးတွေလို ညာဘက်နဲ့ ရေးတဲ့အခါ အဆင်ပြေပြေရေးနိုင်ကြတာကို သတိထားမိခဲ့တယ်…။ ဒီလိုနဲ့ ဆရာမ ကျွန်တော့်ခုံတန်းကိုလာတဲ့အခါ ညာဘက်နဲ့ ရေးနေသယောင်ပြခဲ့ရပြီး သူလှည့်သွားတဲ့အခါမှ ကျွန်တော် ဘယ်ဘက်ကို ကမန်းကတမ်း ပြောင်းပြီး ၀လုံးလေးကို ခိုးရေးနေခဲ့ရပါတယ်…။ ဒီလိုနဲ့ကြာလာတော့ လူက ညာဘက်နဲ့ရေးလို့အဆင်မပြေမှန်းသိသွားကာ ဘယ်ဘက်နဲ့သာ ရေးဖို့ အဆင်ပြေမှာဖြစ်ကြောင်း ဆရာမနဲ့ပြောပြီး နောက်ဆုံး ဘယ်သန်လိုဖြစ်ခဲ့ပါတယ်…။ ဒီရဲ့နောက်ကွယ်မှာက ကျွန်တော့်ရဲ့ ညာဘက်လက်အခြမ်းက ငယ်စဥ်က လေဖြတ်ထားမှုကြောင့် ကြွက်သားတွေအားနည်းပြီး ဘယ်ဘက်လို ရေးဖို့အားမသန်နေခဲ့ပါဘူး…။

တစ်ချို့အတွက် မိမိတို့ရဲ့ မွေးရာပါ အားသန်ရာလက်တွေနဲ့ ရေးနိုင်ကြမယ်လို့ယူဆပါတယ်။ တကယ်တော့ ဘယ်မှ, ညာမှ ရယ်လို့မရှိဘဲ လူတွေမှာ သူ့ရဲ့အားသန်ရာကို သူသာအသိဆုံးဖြစ်နေမယ်လို့ ယုံကြည်ပါတယ်…။ ကျောင်းတက်လာတဲ့ တောက်လျှောက်မှာလည်း ထိုင်ခုံတွေ, လက်ကိုင်တွေ,အရာ၀တ္ထုတွေက ညာသန်တွေအတွက်အများဆုံးလုပ်ထားတာကိုလည်းကြုံဆုံခဲ့ရပါတယ်…။ ဒါတွေက ကျွန်တော့်အတွက်အရမ်းအရေးမကြီးစေခဲ့ဘဲ ရေးမယ်, သင်ယူမယ်, ချမယ်, ဆိုတဲ့စိတ်တွေနဲ့သာ ဖြတ်သန်းနေခဲ့ပါတယ်…။

ထိုသို့သော အထက်က အကြောင်းအရင်းတွေလို မိမိတို့ရဲ့ဘ၀မှာ မိမိတို့အားသန်ပါတယ်ဆိုတဲ့အရာတွေရှိကြမယ်လို့ထင်ပါတယ်။

တစ်ချို့က ဂဏန်းတွေမှာသာလွန်တယ်

တစ်ချို့က တူရိယာ,သံဇဥ်တွေမှာသာလွန်တယ်

တစ်ချို့က ကိုယ်လက်လှုပ်ရှားမှု, ရွေ့လျားမှုမှာသာလွန်တယ်

တစ်ချို့က ဓာတ်ပုံ,ရှုခင်း, မြင်ကွင်း စတာတွေမှာ သာလွန်တယ်

တစ်ချို့က မိမိကိုယ်ကိုယ် ပြန်လည်သိရှိမှုမှာသာလွန်တယ်

တစ်ချို့က သဘာ၀တရား,တောတောင်ရေမြေ နဲ့ ချိတ်ဆက်မှုမှာ သာလွန်တယ်

တစ်ချို့က ဘာသာစကား, စကားလုံးတွေနဲ့ ချိတ်ဆက်မှုမှာသာလွန်တယ်

တစ်ချို့က လူတွေနဲ့ ပေါင်းသင်းဆက်နွယ်မှုမှာ သာလွန်ကြတယ်လို့ Howard Gardner’s Theory of Multiple Intelligences-မတူကွဲပြားတဲ့ ဥာဏ်ရည်ဥာဏ်စွမ်းဆိုင်ရာ သီအိုရီ က ဆိုပါတယ်။

ဒီနေရာမှာ သူကတော်တယ်, ငါကမတော်ဘူးလို့ ကောက်ချက်ချဖို့မလွယ်ကူနေပါဘူး၊ သေချာတာက,လူတိုင်းမှာ သူ့ရဲ့မွေးရာပါ အားသာချက်တွေ ကိုယ်ဆီရှိနေကြကြောင်း ထင်ရှားပါတယ်။

ရှင်သန်ကြီးပြင်းရာပတ်၀န်းကျင်, သင်ယူတတ်မြောက်ခဲ့ရတဲ့ ပညာရေးစနစ်မှာ မိမိရဲ့အားသန်ရာတွေကိုမြင်ဖို့မလွယ်ကူစေဘဲ အများနည်းတူလိုက်လုပ်ရတဲ့အရာတွေ, ဘာသာရပ်တွေ,လေ့လာမှုတွေ ကြောင့် မိမိတို့ရဲ့ ပင်ကို ကျွမ်းကျင်တဲ့အရာတွေ, အားသန်ရာတွေဟာ ရှိလို့ရှိမှန်း, သတိမထားမိဘဲ တိမ်မြုပ်နေကြရပါတယ်။

တဖန် နည်းလမ်းကျသော်ရှိ, မကျသော်ရှိတဲ့ ပျိုးထောင်ခံရမှု, ဆုံးမသွန်သင်ခံရမှု ဆိုတာတွေကြောင့် မိမိကိုယ်ကို ခံယူမှုတွေဟာ တံဆိပ်တပ်ခြင်းသဖွယ် ရှိနေစေပါတယ်။ ဥပမာ ဆုံးမသွန်သင်မှု မမှန်ခဲ့ပါက မိမိဟာ မတော်ဘူး, မိမိဟာညံ့တယ်, မိမိဟာအသုံးမကျဘူး ဆိုတဲ့ စကားလုံးတွေအတွေးထဲ ပြန့်ကျဲနေမှာဖြစ်သလို ဒါကြောင့်ပဲ ကြောက်ရွံ့မှုတွေဟာလည်းကြီးစိုးနေနိုင်ပါတယ်။ တစ်ဖက် မိမိအတွက် ဆိုဆုံးမမှု မှန်ကန်ခဲ့ပါကလည်း မိမိဟာ ငါလုပ်နိုင်တယ်, ငါဖြစ်နိုင်တယ်ဆိုတဲ့ အရာတွေဟာ ပိုပြီးအတွေးထဲ ကျယ်လောင်နေစေမှာဖြစ်ပါတယ်…။ ဒါဟာလည်းရောက်လေရာပတ်၀န်းကျင်, နေရာတွေ, ကာရံမှုတွေနဲ့ များစွာ ဆိုင်နေတတ်ပါတယ်…။ ဒီလိုအကြောင်းအရင်းတွေက မိမိရဲ့ ရှေ့ဆက်ဘ၀ခရီးလမ်းမှာ များစွာ ရိုက်ခတ်မှုရှိနေမှာဖြစ်ပါတယ်…။ ဒါကြောင့် မိမိကိုယ်ကို ပြန်ပြောနေတဲ့စကားလုံးတွေကို စိစစ်ရွေးချယ်ပြီး မိမိဟာ သူမတူကြောင်း, မိမိဟာ ဒီဂရီတစ်ခုထိ လုပ်နိုင်ကြောင်း, ဖြစ်နိုင်ကြောင်းဆိုတဲ့ ပုံပြင်တွေကို ပြန်ပြောင်းပြောဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြန်ဆက်ရရင်တော့ မိမိရဲ့အားသန်ရာတွေဟာ မိမိကိုယ်တိုင်ပြန်လည်ရှာဖွေမှ, လုံလောက်တဲ့လေ့ကျင့်မှုရှိမှ, မိမိအနေနဲ့ ကျရှုံးမှု,အောင်မြင်မှုတွေအပေါ် သည်းကြီးမည်းကြီး မဖြစ်နေဘဲ အမြင်ကျယ်ကျယ်ကြည့်နိုင်မှ, စမ်းသပ်သင်ယူနေနိုင်မှ, ပိုပြီး အားသန်ရာတွေကို ကြည်လင်ပြတ်သားစွာမြင်လာနိုင်မှာဖြစ်ပါတယ်…။

အရေးကြီးသည်မှာ အားသန်ရာတွေဟာ ခေတ္တခဏလုပ်ရုံနဲ့ သိသာထင်ရှားတဲ့ အဖြေမျိုးမပေးနိုင်ဘဲ မိမိအနေနဲ့ ထိုအပေါ်ထားရှိတဲ့ သဘောထား, ပေးတဲ့အချိန်, သင်ယူလေ့လာမှု, ဇွဲရှိမှု, အားထုတ်မှု, စတာတွေဟာလည်း ကျွဲကူးရေပါ ထည့်၀င်ရတဲ့ ရင်းမြစ်တွေဖြစ်ပါတယ်။ တနည်းအားဖြင့်အပေါ်ယံလုပ်ရုံနဲ့ မပြီးဘဲ ကိုယ်လိုချင်တဲ့ ရလဒ်တွေကို တစွန်းတစပြနိုင်သည့်အထိ လုပ်ဆောင်သွားသင့်ပါတယ်…။

မည်သို့ဘဲ ပါရမီရှိခဲ့ပါစေ, အစွမ်းအစရှိလာခဲ့ပါစေ ပြန်လည်အသက်သွင်းမှု မလုပ်ဆောင်နေခဲ့ပါကရလဒ်မထွက်စေနိုင်ဘဲ ပုံမှန်ကြိုးစားသင်ယူနေတဲ့သူတွေကသာ, သာလွန်သွားမှာကိုလည်းသတိရသင့်ပါတယ်…။

အားလုံး မိမိတို့ရဲ့ အားသာချက်တွေ, အစွမ်းအစတွေကို ပြန်လည်ရှာဖွေနိုင်ပါစေ…။

“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”

Thar Htoo-Be Unique

Share the Love