"The ideation corner: discover valuable content in one place and apply it to your life."

သင့်အတွက် သင်ရှိနေပေးရဲ့လား?

Share the Love

ရှင်သန်ခြင်းကို အကြီးမားဆုံး ပံ့ပိုးပေးတဲ့အရာထဲက တစ်ခုကိုပြော ပြပါဆိုရင်မိမိရဲ့ စိတ်ခံစားချက်၊ မိမိရဲ့ ရင်တွင်းက အသံတွေကို ဘာပဲဖြစ်ဖြစ် လျစ်လျူမရှုဘဲ သေချာနားထောင်ပြီး နှစ်သိမ့်ပေးခြင်းလို့မြင်လာမိတယ်။

လူတွေက ဒါလုပ်ရင်ဒါဖြစ်မယ်ဆိုတာ အဖြေတွေကိုသိကြတယ်။ လမ်းကြောင်းပေးစရာမလိုလောက်အောင် မြင်သူတွေလည်းရှိတယ်။ ဒါပေမဲ့ လိုနေတာက အဖြေတွေမဟုတ်ဘဲ နှစ်သိမ့်ပေးမှု၊ နားလည်ပေးမှု၊ လက်ခံပေးမှု၊ စာနာထောင့်ထားပေးမှု၊ သူ့ရဲ့မြင်ကွင်းကနေတဆင့် ကြည့်ပေးနိုင်မှု…စတာတွေကိုရှာဖွေရခြင်းဖြစ်တယ်။

သာဓကအားဖြင့် ကိုယ်က အလုပ်ရှာနေတယ်၊ ကိုယ်တိုင်လည်းအပူတပြင်းရှာနေတယ်။ ဘယ်တော့ရမလဲဆိုတာလည်း ထိန်းချုပ်နိုင်စွမ်းမရှိဘူး…၊ ဒီအခြေအနေမှာ ဘေးက လူတွေကလည်း စိတ်ပူပေးတယ်၊ ဒီလိုနဲ့ ထပ်ခါထပ်ခါမေးတယ်၊ “နင်အလုပ်မရသေးဘူးလား၊ နင်အလုပ်တွေလျှောက်ထားသေးလား” စတဲ့ မိသားစု၀င်တွေဖြစ်စေ၊ ဘေးကတီးတိုးတီးတိုးနဲ့ လာမေးတာတွေဖြစ်စေ၊ အလုပ်တွေလာပြတာတွေဖြစ်စေ တစ်ဖက်မှာလည်း ကာယခံရှင်က ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သူတို့မသိဘူးလားဆိုပြီး မြင်လာတယ်၊ လူကအလုပ်မရသေးဘူးက တစ်ကြောင်း၊ ကူညီတာတွေကို စိတ်အနှောက်အယှက်အဖြစ် မြင်လာမိတာက တစ်ဖုံရှိနေတတ်တယ်။

ဒီနေရာမှာ လွဲနေတာက ကူညီပေးနေကြပေမဲ့ ထုတ်ပြမှု လိုအပ်ချက်တွေရှိနေတာဖြစ်တယ်။ ဆိုလိုတာက အလုပ်မရလို့ အလုပ်လာပြတာက ရစေချင်လို့ ဒါပေမဲ့ မရသေးတဲ့လူမှာက လိုအပ်နေတာ နှစ်သိမ့်မှု၊ သူ့ရဲ့မွန်းကျပ်မှုတွေကို ကူနားထောင်ပေးတာကိုလိုအပ်နေတာ။ သူ့ကိုဘယ်လိုနည်းနဲ့ စိတ်ဓာတ်ကျနေတာတွေကို မြှင့်တင်ပေးမလဲဆိုတာတွေကို လိုအပ်နေတာ။ ကာယခံရှင်ကလည်း ကြိုးစား အလုပ်ကလျှောက်နေတာဖြစ်လို့ သူ့မှာလည်းစိုးရိမ်မှုတွေအပြည့်နဲ့ဖြစ်နေတာ စသဖြင့်ဒီလိုတွေရှိတယ်။

နောက်ထပ်သာဓကလေးက ကိုယ်ကလမ်းလျှောက်ရင်း ပြုတ်ကျသွားတာ၊ချော်လဲသွားတာ၊ ဒါပေမဲ့ဘေးလူက ချက်ခြင်းတွဲထူပေးလိုက်တာ၊ လဲကျသွားတာကို ပြင်လိုက်တဲ့အခါ သူ့အတွက်က အဖြေတော့ရပေမဲ့ သူပြုတ်ကျသွားကြောင်းကို အသိအမှတ်ပြုမှု မခံရလို့ စိတ်ထဲတော့မကောင်းသွားတာမျိုးရှိတယ်။ ဒီနေရာမှာ ချော်လဲသွားသူကို တွဲထူပေးတာထက် သူနဲ့အတူ ၀င်ရောထိုင်လိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်တာက မှန်ကန်တဲ့ချဥ်းကပ်မှုမျိုးဖြစ်တယ်။ သူဘယ်လောက်နာကျင်သွားလဲ၊ ဘယ်လောက်ပွန်းပဲ့သွားလဲကို ဖြည့်တွေး နှစ်သိမ့်ပေးလိုက်တာမျိုးဖြစ်တယ်။ ဒီဟာက မြင်သာအောင်ရှင်းပြပေးခြင်းဖြစ်တယ်။

ထို့နည်းတူစွာပဲ ဘ၀မှာ နေ့စဥ်ကြုံကြိုက်ရတဲ့အဖြစ်အပျက်တွေကနေ ရရှိလာတဲ့ စိတ်ခံစားမှုတွေကို သေချာမရှင်းထုတ်တဲ့အခါ စုပြုံလာတတ်တယ်။ တစ်ချို့ကလည်းဘေးမှာ ကူနားထောင်ဖော်ရှိကြလို့ကံကောင်းတယ်လို့ဆိုရမယ်။ ကျန်တစ်ချို့မှာက နားထောင်ပေးသူမရှိလို့ ကိုယ့်အနေနဲ့ ထိုခံစားချက်အစုအပြုံတွေကို ယနေ့ထိပိုက်ထားတာမျိုးလည်းရှိတယ်။ ဒီလိုအခြေအနေမှာ နဂိုစုပြုံထားတဲ့ခံစားချက်တွေကမရှင်းထုတ်ရသေးတာကတစ်ကြောင်း၊ တဖက်မှာလည်းအသစ်ထပ်၀င်လာတဲ့ ရိုက်ခတ်မှုတွေက တစ်ကြောင်း ၀န်တွေပိုပိလာတတ်ပါတယ်။ ဒါကြောင့် ဘ၀ကနေချင်စရာမကောင်းနေတာမျိုးဖြစ်နေတတ်ပါတယ်။

ဒီလိုခံစားချက်တွေကို မစွန့်ထုတ်နိုင်သေးဘဲ ယူထားမိတာတွေက အသက်အရွယ်မရွေးမှာဖြစ်နေတတ်တယ်။ သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးသူမရှိလို့ (တစ်နည်းအားဖြင့် မကုစားရသေးတာ) ဒီရဲ့ရိုက်ခတ်မှုက လူမှာဒေါသတွေထွက်လွယ်နေတာမျိုး၊ အဆိုးမြင်မိနေတာမျိုး၊ စကားအပြောအဆိုမတတ်တာမျိုး၊ အမြဲ အပြစ်မြင်တတ်တာမျိုး၊ လူတွေနဲ့ မ၀င်ဆံ့နေတာမျိုး စတဲ့ရိုက်ခတ်မှုတွေရှိပါတယ်။ အကြောင်းက ခံစားချက်တွေ၊ တစ်ထစ်ချစွဲကိုင်ထားမှုတွေဟာ ကုန်ဆုံးရက်မရှိသယ်ထားလို့ လွတ်ထုတ်မတတ်ဖြစ်နေကြလို့ ဖြစ်တယ်။

အမျိုးသမီးတွေအတွက်ခံစားချက်ပိုရှိတတ်လို့ နားလည်ပေးနိုင်မှုပိုလိုအပ်တယ်လို့ထင်မိတယ်။ အမျိုးသားတွေအနေနဲ့လည်း မိမိတို့ရဲ့ ခံစားချက်တွေကို ဖိချထားတာထက် နည်းမှန်လမ်းမှန် စွန့်ထုတ်ဖို့လိုအပ်တယ်။ ခံစားချက်ပျော့ညံ့တာက ရှက်စရာလို့ လူမှုအသိုက်အ၀ိုင်းမှာ ထင်ထားတဲ့အခါ ကိုယ့်အနေနဲ့ မခံစားရဲတာ၊ မထုတ်ပြရဲတာ၊ မဖွင့်ပြောရဲတာတွေကြောင့် ရင်ထဲပူလောင်နေတတ်လေ့ရှိတယ်။ မည်သည့်ဖြစ်တည်မှုပဲဖြစ်စေ စိတ်ရဲ့လုပ်ဆောင်မှုကို အနည်းအများဗဟုသုတရှိထားဖို့လိုအပ်တယ်။ လူတွေရဲ့လက်ခံထားမှုက သဘာ၀ရဲ့ဖြစ်တည်မှုတွေကို သွေဖည်နိုင်စေလို့ဖြစ်တယ်။ သူ့ရဲ့သက်ဆိုင်ရာ nature, language တွေအတိုင်းလိုက်နာကျင့်သုံးသင့်တယ်။

မည်သို့ပဲဖြစ်စေ အတ္တာဟိ အတ္တနော နာထော- မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်လို့ မိမိရဲ့ဘ၀ကိစ္စအ၀၀ကို ကိုယ်တိုင်သာလျင် ဖယ်ရှားနိုင်စွမ်းရှိကြပါတယ်။ အပြင်ကကူညီပံ့ပိုးပေးမှုက အကန့်အသတ်တွေရှိကြလို့ ကိုယ်ထူကိုယ်ထနဲ့ အရှုံးမပေးဘဲ ဘ၀အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ လိုအပ်လာပါတယ်။ မိမိကိုယ်နားလည်ပေးသူမရှိရင် ကိုယ့်ကိုယ်နားလည်ပေးနိုင်တဲ့နေရာတွေကိုသွားပြီး ရင်ဖွင့်တာ၊ ဥပမာ မန်တာတွေဆီသွားတာ၊ ကောင်ဆယ်လာတွေနဲ့ စကားပြောတာ၊ တတ်နိုင်သလောက် တရားသဘောနဲ့ ချဥ်းကပ်တာ၊ ကိုယ်မျှော်မှန်းထားသလိုဘ၀က ဖြစ်နေနိုင်မှာမဟုတ်ဘူးဆိုတာကိုနှလုံးသွင်းနေထိုင်တာ၊ အရာရာက ယာယီဆိုတာကို လက်ခံတာ၊ စတဲ့အရွေ့တွေကို တစတစနဲ့ မိမိရဲ့ ဘ၀နေထိုင်နည်းတွေမှာ ပြန်လည်အသုံးချပြီး ဘ၀ရဲ့ အကောင်းအဆိုးတွေကြားမှာ ကြံ့ကြံ့ခံနိုင်ဖို့ အစဥ်အမြဲ ကြိုးစားသွားရမဲ့တာ၀န် မိမိမှာရှိပါတယ်။

(မိမိအနေနဲ့ရှင်သန်ဖို့ခက်ခဲနေတယ်ဆိုတဲ့အခါ Project Be Unique ရဲ့ လွတ်မြောက်မှုသွားရာလမ်းမှာ ဆိုတဲ့အပိုင်းလေးကိုကြည့်ရှုနိုင်ပါတယ်ဗျာ။)

“သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…”

Thar Htoo-Be Unique

“ဤဆောင်းပါးအား စက်တင်ဘာလ (၁၀)ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ မိမိကိုယ်ကိုယ်အဆုံးစီရင်မှုမှ ကာကွယ်ရေးနေ့ ကိုဂုဏ်ပြုသောအားဖြင့် ရေးသားတင်ဆက်ခြင်းဖြစ်သည်”

Share the Love