"The ideation corner: discover valuable content in one place and apply it to your life."

ဘ၀လှိုင်းတံပိုးတွေ ကြားမှာ အကောင်းဆုံး ဖြတ်ကျော်ပါ

Share the Love

ကမ်းနားမှာ ကပ်ထားတဲ့ လှေလေးက တည်ငြိမ်နေတယ်, အန္တရာယ်ကင်းတယ်, သို့သော် လှေရဲ့ မူလတာ၀န်တော့ မဟုတ်နေပြန်ဘူး။ လှေရဲ့ အလုပ်က လေဆန်တွေကြား, လှိုင်းတံပိုးတွေကြားမှာ သွားရမဲ့ တာ၀န်ပါလာနေခဲ့လို့ပါပဲ။ ထို့နည်းတူစွာ လူရယ်လို့ဖြစ်လာတဲ့အခါ ဘ၀ကပေးခဲ့တဲ့ ကောင်း၏,ဆိုး၏ ၀န်ထုတ်၀န်ပိုးများ ကိုယ်ဆီ၌ ပါလာခဲ့လို့ ကိုယ့် အနေနဲ့ ‘လုံခြုံတဲ့ဘ၀ကို မျှော်ကိုးနေလင့်ကစား’ ဖြစ်ပေါ်လာတဲ့ အခက်အခဲများစွာကို တစ်နည်းနည်းနဲ့ ရင်ဆိုင်ရမှာ မလွဲပါပဲ။

မှန်ပါတယ်…၊ လှိုင်းလုံးတွေက ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသလို, တစ်ဖက်မှာလည်း မှန်းဆရခက်တဲ့ အခြေအနေကိုပါ ထပ်တူ ပေးစွမ်းနိုင်တယ်ဆိုတာကို ငြင်းလို့မရပါဘူး။ အထူးသဖြင့် ကိုယ့်အနေနဲ့ ထို ဘ၀လှိုင်းတံပိုးတွေကြား ရောက်ရှိနေတဲ့အခါ အတက်အကျကြမ်းတဲ့ ရိုက်ခတ်မှုတွေကြောင့် ကိုယ့်ရဲ့ ယုံကြည်မှု, ရဲရင့်မှု, ခံနိုင်ရည်ရှိမှု, စိတ်ရှည်သည်းခံမှု, အမြင်ကျယ်မှု, နိုးကြားမှု စတာ တွေဟာ လှိုင်းရဲ့ အကဲစမ်းမှုအောက် ကျရောက်နေနိုင်ပါတယ်။ သေချာတာကတော့ ဘ၀လှိုင်းတံပိုးတွေကို ရှောင်ကွင်းဖို့မဖြစ်နိုင်ပဲ, ခဲရာခဲဆစ် ကျော်လွှားခြင်းနဲ့သာ ဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်။ ဒါဟာလည်း Robert Frost ရဲ့ဆိုရိုးစကားလို The best way out is always through.- အကောင်းဆုံးထွက်ပေါက်က ကြုံနေရတဲ့အရာတွေကို အားမာန်အပြည့်နဲ့ ရင်ဆိုင်လိုက်ခြင်းပါပဲ တဲ့။

သေချာပါတယ်…၊ လက်ခံဖို့ မလွယ်ကူလှတဲ့ ခက်ထန်တဲ့ လောကဓံတွေကြောင့် ကိုယ့်ရဲ့ ဖြစ်တည်မှု, တည်ရှိမှု,နဲ့ ကြိုးစားရှင်သန်မှု, စတာတွေအပေါ် ကိုယ်တိုင် သံသယ ၀င်လာနေနိုင်သလို, ကိုယ့်အနေနဲ့ ဒီလိုရိုက်ခတ်မှုတွေကြောင့် မျှော်လင့်ချက်တွေ ပျောက်ဆုံးနေနိုင်ကြောင်း, အခြားလူတွေနဲ့ နှိုင်းယှဥ်မှု လွန်ကဲနေနိုင်ကြောင်း, အပြုသဘောထက် အပျက်သဘောမြင်လွယ်နေနိုင်ကြောင်း, အားထုတ်မှုအပေါ် ယုံကြည်မှုနည်းလာနေနိုင်ကြောင်း, လက်လျှော့ချင်စိတ်ဖြစ်နေနိုင်ကြောင်း, လမ်းပျောက်နေနိုင်ကြောင်း, စိတ်အလိုလိုက်နေနိုင်ကြောင်း, စတဲ့ ကိုယ့်ကို နောက်ပြန်ဆွဲစေနိုင်တဲ့ အရာတွေက လွှမ်းမိုးနေနိုင်ပါတယ်။ ဒါဟာလည်းမှန်ကန်မှုရှိပါတယ်။ ကိုယ့်အတွက် မျှော်လင့်ထားသလို ဖြစ်နေခဲ့ချင်မှာ သဘာ၀ပါပဲ။

မည်သိုဆိုစေ, သတင်းကောင်းက ဘ၀၌ ရင်ဆိုင်နေကြရတဲ့ အချင်းအရာများဟာ ကိုယ့်ကို သူမတူတဲ့စွမ်းရည်များ, အရည်အချင်းများ, နည်းလမ်းကောင်းများ, ဖြန့်ကျက်တွေးခေါ်မှုများ, ရင့်ကျက်မှုများ, နှင့် ဘ၀၌ လိုအပ်သော အတောင်ပံများကို တတ်လိုက်သလိုရှိစေတာကြောင့် လှိုင်းကြားမှသည် ဝေဟင်ထက်သို့ အမြင့်ဆုံး ပျံသန်းဖို့ အဆင်သင့်ဖြစ်နေစေမှာ မလွဲပါပဲ။ ဒါဟာလည်း ဘ၀လှိုင်းတံပိုးမှ မွေးဖွားလာတဲ့ ဘာနဲ့မှမလဲနိုင်တဲ့ ရလဒ်များဖြစ်ပါတယ်။

တကယ်တော့…

ကိုယ့်ရဲ့ ဘ၀လှိုင်းတံပိုးတွေကြားမှာ အကောင်းဆုံး လှော်ခပ်သွားဖို့ပဲ လိုပါတယ်…

ကိုယ့်ရဲ့ ဘ၀လှိုင်းတံပိုးတွေရဲ့ အတက်အကျနဲ့ တစ်သားတည်းဖြစ်နေဖို့ပဲ လိုပါတယ်…

ကိုယ့်ရဲ့ ဘ၀လှိုင်းတံပိုးတွေမှ ပေးသော အကောင်းအဆိုးအရာများကို လက်ခံဖို့ပဲ လိုပါတယ်…

ဒါမှလည်း လှိုင်းတံပိုးမှ ကိုယ့်ကို ဘ၀၌ လဲကျတိုင်း ‘ပြန်လည်ကန်ထွက်နိုင်တဲ့’

တွန်းအားကို မွေးဖွားပေးလိုက်ရုံသာမက ကိုယ့်ရဲ့’လုံခြုံတဲ့ အရပ်ကနေ ထွက်စေပြီး’

လောကဓံကို ရင်ကော့ပြီး ရင်ဆိုင်နိုင်တဲ့ စွမ်းရည်များကိုပါ ဖြည့်ဆည်းပေးလိုက်ခြင်းသာဖြစ်ပါတယ်။

လောကဓံလှိုင်းတံပိုးတွေကြား အားတင်းကာ ဖြတ်ကျော်နိုင်ပါစေ…

Thar Htoo-Be Unique

🌻Get a Free 30-Minute Coaching session now!Contact: https://t.me/buniqcoaching

Share the Love