မိမိတို့ရဲ့ ကာလတစ်ခုကြာ မဖြည့်ဆည်းနိုင်တဲ့ လိုအင်ဆန္ဒတွေကို အမြန်နည်းနဲ့ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတဲ့အခြေအနေအောက်မှာ သိ၍သော်လည်းကောင်း, မသိ၍သော်လည်းကောင်း ပြုလုပ်လိုက်မိတာက တစ်ဖက်လူ, (သို့)အခြေအနေအပေါ်မှာ တွန်းအားများ ပေးမိခြင်းပါပဲ။ တစ်ဖက်အခြမ်းက ဒီလိုမျိုးဖြစ်ရမယ်, ဟိုလိုမျိုးဖြစ်ရမယ်, ဒီလိုတော့ မလုပ်သင့်ဘူး, ဟိုလိုလုပ်သင့်တယ် စတဲ့ ‘သင့်တယ်’ ဆိုတဲ့ ပုံဖော်ထားမှုက အားကောင်းနေနိုင်ပါတယ်။ ကိုယ့်အတွက် ‘ငါထိုက်တန်တယ်’ ‘ငါရဖို့အခွင့်အရေးရှိတယ်’ ဆိုတဲ့ စိတ်တွေဖုံးလွှမ်းနေတဲ့အခါ အခြေအနေမှန်ကို သေချာမမြင်နိုင်ဘဲ, တစ်ဖက်လူ (သို့)အခြေအနေ အပေါ် ပြုပြင်လိုတဲ့စိတ်တွေများနေနိုင်ပါတယ်။ ဒီလိုနဲ့ စိတ်မချမ်းမြေ့နိုင်ဖြစ်ကြရပါတယ်။
ဘာကြောင့်လဲ, ဘာကြောင့်လဲ, ဆိုတဲ့မေးခွန်းတွေ ပြည့်နှက်နေပြီး အခြေအနေတွေကို ထိန်းချုပ်နေမိနိုင်ပါတယ်။ ဒါဟာလည်း မှန်ကန်မှုရှိပါတယ်။ ကိုယ့်အတွက် အမှန်တကယ် ရသင့်ရပိုင်ခွင့်တွေဖြစ်နေတယ်, ကိုယ့်အတွက် ဖြည့်ဆည်းခံရဖို့ ထိုက်တန်ပါတယ်, ကိုယ်ရင်းနှီးထားသလောက် တစ်ဖက်ရဲ့ ဖြည့်ဆည်းမှု, တုံ့ပြန်မှုတွေကို လိုအပ်နေမှာသဘာ၀ပါပဲ။ ဒီလို ကိုယ့်ရဲ့လိုအင်တွေကိုဖြည့်ဆည်းပေးဖို့ ကြိုးစား တာ၀န်ယူနေ တာဟာလည်း ကောင်းတဲ့အချက်ဖြစ်ပါတယ်။ တစ်ဖက်, အမှန်တကယ် သေချာ ဖြစ်ရပ်ကို ပြန်ကြည့်တဲ့အခါ မိမိတို့အနေနဲ့ ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ ကြားက ကွာဟချက်တွေကို စေ့ဖို့ လိုကြောင်း ထင်ရှားပါတယ်။ ဒါဟာလည်း အခြေအနေတွေက သက်သေဆိုတာပါပဲ။
ဒီလိုဆိုတဲ့အခါ သွားနေတဲ့,စိတ်နဲ့ရုပ်တို့ရဲ့ လုပ်ဆောင်မှု အမြန်နှုန်းကို ပြန်ပြီးအရှိန်လျှော့ဖို့ လိုတဲ့အပြင် ကိုယ့်အတွက်အမှန်တကယ် ပြည့်၀ခြင်းက ဘာလဲ, ကိုယ့်အတွက် စစ်မှန်တဲ့ ဂရုစိုက်မှုမျိုးက ဘယ်လိုလဲ, တစ်ဖက်လူရဲ စစ်မှန်တဲ့ဂရုစိုက်မှုက ဘယ်လို ပုံစံမျိုးလဲ, တစ်ဖက်လူရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေက ဘယ်လိုပြနေမလဲ, စတဲ့ ထိရောက်တဲ့မေးခွန်းတွေကို ပြန်မေးပြီး မိမိအနေနဲ့ မရင်ဆိုင်ချင်တဲ့အရာတွေကို ရင်ဆိုင်ဖို့လိုအပ်နေနိုင်ပါတယ်။ သတင်းကောင်းက မိမိအနေနဲ့ ကိုယ်လိုချင်တဲ့ ပုံစံမျိုး မရနေခြင်းက တစ်ခုခုလွဲနေမှုကြောင့်ဖြစ်တာကို မြင်လာရစေပါတယ်။ ကိုယ့်အနေနဲ့ ကိုယ့်အတွက်အမှန်တကယ် ဟုတ်,မဟုတ်ဆိုတဲ့ မေးခွန်းမျိုးတွေပြန်မေးရနိုင်တယ်, ဘာကြောင့် ကိုယ့်အနေနဲ့ တစ်ဖက်လူအပေါ်, ပြုပြင်ထားရလဲ, ဆွဲထားနေရတာလဲ, ဘာကြောင့် လက်လွတ်ဖို့ မရဲရတာလဲဆိုတဲ့ ထိရောက်တဲ့ ရှုထောင့်တွေကို ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
တကယ်တော့ Brené Brown ပြောခဲ့သလို စစ်မှန်တဲ့အရာတွေက ကိုယ့်မဟုတ်တဲ့လူအဖြစ်နေဖို့မလိုဘဲ, ကိုယ့်ရဲ့အစစ်အမှန်ဖြစ်နေတဲ့ကိုယ်ကို ရှာဖွေဖို့ပါပဲ။ ထို့နည်းတူ စစ်မှန်တဲ့ အတုံ့အလှည့်တွေက ဖော်ပြရတယ်ဆိုတာထက် ခံစားရစေတဲ့အချက်ကို မိမိတို့မမေ့သင့်ပါဘူး။ တွန်းအားဖြင့် အပေါ်ယံ ဖြည့်ဆည်းပေးနိုင်လိုက်တဲ့အရာတွေက တဒင်္ဂဆိုတဲ့ခံစားချက်ကိုသာရစေမှာဖြစ်ပြီး ပြည့်၀တဲ့ ခံစားမှုတွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်တာကို လက်ခံဖို့လိုအပ်ပါတယ်။ အလိုက်တသိလုပ်လိုက်တဲ့ အရာကို ခံစားရတာနဲ့ တိုက်တွန်းမှုဖြင့် လုပ်တဲ့အရာတွေကိုခံစားရတာတွေက ခြားနားစေမှာအမှန်ပါပဲ။
မှန်ပါတယ်…
စစ်မှန်တဲ့အတုံ့အလှည့်တွေဆိုတာ တွန်းအားတွေမပါပါဘူး…
စစ်မှန်တဲ့အတုံ့အလှည့်တွေဆိုတာ ပြုပြင်လို့မရပါဘူး…
စစ်မှန်တဲ့အတုံ့အလှည့်တွေဆိုတာ ဟန်ဆောင်ခြင်းတွေမရှိပါဘူး…
တကယ်တော့…
စစ်မှန်တဲ့အတုံ့အလှည့်တွေက
ဘာနဲ့မှ မလဲနိုင်တဲ့ အဖိုးတန်တဲ့အရာတွေဆိုတာ သတိရဖို့ပါပဲ…
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now!Contact: https://t.me/buniqcoaching

