ဘဝမှာ ကိုယ်ဘယ်သူလဲ, ဘယ်နေရာကနေ မားမားမတ်မတ်နဲ့ ရပ်တည်ချင်လဲဆိုတာကို သေချာပုံသွင်းပြီးရယူကြရမှာဖြစ်ပါတယ်။ ဖြစ်ပေါ်လာနေတဲ့ trend တွေ update တွေနောက်ကိုတချိန်လုံးလိုက်နေရင် ကိုယ်ရဲ့ ရပ်တည်ချက် ခံယူချက် တွေက တဖြည်းဖြည်းမှေးမိန်သွားလိမ့်မှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကိုယ်ဆိုတာကဘယ်သူဘယ်၀ါမှန်းမသိအောင်ဖြစ်သွားတတ်ပါတယ်။
ကျွန်တော့်အမြင်ကတော့ သူမတူတဲ့ ခံယူချက် ၀ိသေသ ကို တည်ဆောက်ကြမယ်ဆိုရင် အောက်ပါအချက်တွေလိုအပ်ပါမယ်လို့ထောက်ပြချင်ပါတယ်။
၁။ မိမိရဲ့ထားရှိတဲ့ တန်ဖိုးကို သိရှိပါ။
Value လို့ခေါ်တဲ့ မိမိဘ၀မှာ ဘာကိုတန်ဖိုးထားတာလဲ? ဘ၀မှာ ကိုယ့်အတွက်အမှန်တကယ်အရေးကြီးတဲ့အရာတွေကဘာတွေလဲ? What is important for me in life? ဆိုပြီး ပြန်လည်မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ ဥပမာ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေက ပညာရေးလား, ကျန်းမာရေးလား, အချိန်လား, မိသားစုလား, စသဖြင့် အစဥ်အလိုက်ရှိရပါမယ်။ ဒီထဲကမှ ဘယ်အရာက ကိုယ့်ရဲ့ထိပ်ဆုံးတန်ဖိုးထားတဲ့အရာလဲ, အရေးကြီးတဲ့အရာလဲဆိုတာကိုပြန်မေးပါ။ ဒီလိုမှမဟုတ်ရင် လမ်းပျောက်တယ်လို့ ခံစားကြရမှာဖြစ်တယ်။ အကြောင်းကတော့ ကိုယ့်ရဲ့ဘ၀မှာဘာက အရေးကြီးမှန်းမသိတာကနေစတယ်လို့ ပြောနိုင်ပါတယ်။ ဒီီလိုမသိတော့ သူများ ယောင်တိုင်းကိုယ်လဲယောင်မိနေတတ်မယ်…။ သူများ blogger,ဆိုကိုယ်လဲ လိုက်လုပ်.. online shop, ဆိုလဲကိုယ်ပါ.. စသဖြင့်လိုက်လုပ်နေတယ်ဆိုရင် ရေတိုတော့အဆင်ပြေမယ်.., ကြာလာရင် ကိုယ်က တစ်နေရာရာမှာ ကျောက်မချထားတော့ အချိန်တန်ရင်ဘယ်နေရာကိုမှ ကုတ်အားမရှိတော့ ခေတ်ပျက်တဲ့နောက်မှာလိုက်ပါသွားနိုင်ပါတယ်။ ငွေနောက်လိုက်တယ်ဆိုပြီးပြောနေတာမဟုတ်ပါဘူး။ ကိုယ်ဆိုတဲ့ လူပီပီကိုပေါ်လွင်ပြီး ဘ၀မှာ တထောင့်တနေရာကနေ အကျိုးပြုပြီး ကိုယ်လဲအကျိုးခံစားနေရရင် ပိုမကောင်းဘူးလား…။
၂။ ဘယ်သူ့အတွက်ကို အကျိုးပြုချင်လဲဆိုတာကိုသိပါ။
ပထမကိုယ့်ရဲ့ တန်ဖိုးတွေကိုသိပြီးသွားတဲ့အခါ ကိုယ်က နယ်ပယ်တစ်ခုဆိုတာကို ပုံဖော်လို့ရသွားပြီး ဆိုရင် ဘယ််သူတွေကို အဓိကထားပြီး ကူညီလုပ်ကိုင်ပေးချင်လဲ? ဥပမာ ကိုယ်က ကျန်းမာရေး ဆိုတာကိုတန်ဖိုးထားတဲ့လူဆိုရင် ကျန်းမာရေးနယ်ပယ်ကိုပိုလိုက်စားတော့မယ်ဆိုပါတော့.. ဒီနေရာမှာ ဘယ်လိုလူတွေအတွက်လဲ လုပ်ပေးချင်တာလဲ? ကလေးအထူးကုလား? သူနာပြုလား? Personal trainer? Health & Fitness Instructor? စသဖြင့် ဒီခေတ်စကားနဲ့ဆိုရင် ကိုယ့်ရဲ့ Niche နဲ့ target audience ကို ပုံဖေါ်လို့ရသွားတာပေါ့…။ ဒါပေမဲ့ ဒီလိုလွတ်လပ်စွာလူတိုင်းရွေးချယ်ခွင့်မရကြဘူး…။ မိသားစုတွန်းအား, မောင်နှမ ဆွေမျိုးတွေရဲ့ ရိုက်ခတ်မှုနဲ့ ကိုယ်အမှန်တကယ် နှစ်သက်တဲ့ အရာတွေကို လက်လွတ်လိုက်ရပြီး သူတို့ လိုရာဆွဲသွင်းတဲ့လိုင်းကိုရောက်သွားလိုက်ရတာမျိုးလဲရှိကြလို့…။ တစ်ခုတော့မှတ်ထားသင့်တာက ဒီလို အတက်အကျကြမ်းတဲ့ ခေတ်မှာ Main Job ကိုချည်းပဲ မှီခိုဖို့ကလဲခက်နေတဲ့အတွက် ကိုယ် main job နဲ့ နွယ်တဲ့ (သို့) လုပ်တတ်ပြီး ၀ါသနာပါတဲ့ Side hustles တွေကိုလဲ ရထားရင်တော့ ပိုအသက်ရှုချောင်နိုင်မှာကိုလဲ သတိချပ်စေချင်ပါတယ်။
၃။ Intention (ရည်ရွယ်ချက်) ကောင်း ပြီး သမာသမတ်ကျစွာ လုပ်ကိုင်ပါ။
ကိုယ်က ငွေရဖို့တစ်ခုထဲအတွက်လုပ်နေတာမျိုးလား? စေတနာမပါပဲ ပြီးရင်ပြီးသွားရော ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ လုပ်နေရတဲ့အလုပ်တွေက ကြာလာရင် မလုပ်ပျော်တော့တာတို့, စိတ်နစ်ပြီး မလုပ်နိုင်တာမျိုး ကြုံနိုင်ပါတယ်။ အကြောင်းက ကိုယ့်ရဲ့ ပင်မ ရည်ရွယ်ချက်က မခိုင်မာရင် ရည်ရှည်မခံဘူးဆိုတာကိုပြောချင်တာပါ။ ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ရဲ့တန်ဖိုးလည်းပါတယ်၊ ကိုယ်ကဘယ်သူ့အတွက် လုပ်ချင်တာလဲ ကူညီချင်တာလဲဆိုတာလည်းပါတယ်၊ ပြီးရင်စေတနာလည်း ပါတယ်ဆိုရင် သင့်ရဲ့ Ikigai ( အဓိပ္ပါယ်ရှိစွာသက်ရှင်ရပ်တည်မှုကို) တွေ့ရှိနိုင်မယ်လို့ယုံကြည်ပါတယ်။ ဒီခေတ်က ပေါပင်တွေနဲ့ ဒီနေ့နာမည်ကြီး နောက်နေ့ နာမည်ကျသွားတဲ့ ခေတ်မှာ ကိုယ့်ရဲ့ရပ်တည်ချက် ဆုတ်ကိုင်ထားတဲ့ အရာက လွဲနေရင် အခြေမခိုင်တဲ့အဆာက်အဦလိုပဲ ပြိုကျဖို့ လမ်းကြောင်းပေါ်သွားလိမ့်မယ်။ ဥပမာလေးက ပန်းရောင်းတဲ့လူနှစ်ဦးရှိတယ်ဆိုပါတော့…။ ပထမတစ်ဦးက ပန်းဘယ်နှစ်ပွင့်ဆို ဘယ်လောက်မြတ်မလဲ, ဘယ်လိုလျှော့ပြီး အမြတ်ရတဲ့နည်းလမ်းနဲ့လုပ်ရမလဲဆိုတာကိုပဲစဥ်းစားနေတယ်….။ ဒုတိယတစ်ဦးက ငါရောင်းတဲ့ပန်းတွေက အပွင့်တွေ့လှရဲ့လား…၊ အနာအဆာရှိလား လိုအပ်ရင်,အပိုအလိုလေးပါလက်ဆောင်ထည့်ပေးတာမျိုး။ ဒီလို ၀ယ်သူစိတ်ချမ်းသာဖို့ကိုတွေးပြီး စေတနာကောင်းစွာနဲ့ထည့်ရင် ဘယ်ဆိုင်ကို သင်နောက်ထပ်သွားချင်လိမ့်မလဲ? အဖြေကရှင်းသွားမှာပါ။
၄။ Discipline (စည်းကမ်း) ကောင်းပြီး တစိုက်မတ်မတ်လုပ်သွားပါ…။
လုပ်လိုက်မလုပ်လိုက်နဲ့ နဲ့ ရေချိန်က တက်လိုက်ကျလိုက်ဖြစ်နေမယ်။ ဒီတော့ ကိုယ်ရောက်ချင်တဲ့ လမ်းကို အချိန်မီမရောက်နိုင်ဘူးပေါ့။ ဆိုလိုတာက ကိုယ့်အနေနဲ့ အချိန်ကာလအပိုင်းအခြားထားပြီး လုပ်သွားရင်တော့ ပိုပြီး စိတ်ချစွာနဲ့လုပ်နိုင်တာကိုဆိုလိုတာပါ။ ဒါပေမဲ့ အပြင်ကရိုက်ခတ်မှုဒဏ်တွေကိုလဲထည့်တွက်ရမှာဖြစ်လို့ သေချာတွက်ချက်ထားသင့်ပါတယ်။ Consistency အစဥ်အမြဲလုပ်တတ်တဲ့အကျင့်က စည်းကမ်းမရှိရင် အလုပ်မတွင်ကျယ်နိုင်ပါဘူး။ ဒီလိုတွင်ကျယ်ဖို့ဆိုရင်လဲ ကိုယ်လုပ်နေတဲ့အရာက အမှန်တကယ်ကိုကြိုက်နှစ်သက်နေတဲ့အရာမျိုးဆိုရင်တော့ စည်းကမ်းကြီးတကူးတက လိုက်ထည့်နေဖို့မလိုပါဘူး။ သူ့အလိုလိုနဲ့ ပုံမှန်လုပ်နေကြတဲ့လူတွေရှိကြပါတယ်။ မပြည့်စုံလို့ ပျက်ကွက်တာမျိုးက လူတိုင်းကြုံနိုင်တယ်။ ဒါပေမဲ့ ရပ်နေလို့မဖြစ်တာမျိုးကိုပြောချင်တာပါ။
ကျွန်တော်ပြောပြတဲ့ အချက်တွေအပြင် ဒီထက်မကတဲ့ အချက်တွေကျန်ရှိနေပါသေးတယ်။ စာဖတ်သူတွေမှာလည်း မိမိတို့ရဲ့ unique identity ကိုတည်ဆောက်ချင်တယ်ဆိုရင် အထက်ပါတင်ပြတွေက အထောက်အကူပြုမယ်လို့ ယုံကြည်မိပါတယ်။ လူတွေလုပ်နေတဲ့အရာတိုင်းလိုက်လုပ်မနေပဲ…ကိုယ့်အတွက်ဘယ်အရာက စိတ်နစ်ကိုယ်နစ် လုပ်လို့ရလဲ ပြန်မေးပါ။ သင့်မှာအဖြေရှိနေပါတယ်။
သူမတူတဲ့ ခံယူချက်, ရပ်တည်ချက်တွေနဲ့ လှပတဲ့ဘ၀တွေကိုပုံဖော်တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း…။
Thar Htoo-Be Unique