‘ကိုယ်’ဆိုပြီး ဖြစ်တည်လာကတည်းက ကိုယ်နဲ့ အလိုအလျောက်ပါလာတဲ့ ‘ဘ၀ညီမျှခြင်း’ တွေဟာ ကြိုက်၍သော်လည်းကောင်း, မကြိုက်၍သော်လည်းကောင်း, ယှဥ်တွဲ တည်ရှိနေပါတယ်။ ဒါကို ယတိပြတ် ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းက ဘ၀ညီမျှခြင်းတွေဟာ ကိုယ်နဲ့မကွာ ရှိနေကြလို့ပါပဲ။ ဘ၀ညီမျှခြင်း လို့ဆိုတဲ့အခါ ကိုယ်ရဲ့စိတ်နဲ့ခန္ဓာမှာ ဖြစ်တည်နေတဲ့ အရာအားလုံး, ကိုယ်လာရာ ဇစ်မြစ်, ကိုယ့်ရဲ့ မွေးရာပါဗီဇ,နဲ့ ဖြစ်တည်မှု, ကိုယ့်ကိုဖြစ်လာစေတဲ့ အကြောင်းအရင်းအားလုံးနှင့် ကိုယ်နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ဘ၀ရဲ့ မပါမဖြစ်တဲ့ အစိတ်အပိုင်းအားလုံးကို ရည်ညွန်းပါတယ်။
လောကရဲ့ကြီးမားတဲ့ စိန်ခေါ်မှုတွေများစွာ ရှိကြတဲ့အထဲ ‘ဘ၀ညီမျှခြင်း’ မှ ရရှိတဲ့ စိန်ခေါ်မှုတွေက အခြားသော စိန်ခေါ်မှုတွေထက် ပို၍ပင် အားကောင်းနေကြောင်း, လှုပ်ခပ်မှုကြီးကြောင်း, တစ်ဆစ်ချိုးပြောင်းလဲနိုင်ကြောင်း, လွှမ်းမိုးနိုင်ကြောင်း လက်တွေ့ ခံစားသိမြင်နိုင်ပါလိမ့်မယ်။ သို့ရာတွင်, မိမိတို့အနေနဲ့ ကိုယ်လိုလားတဲ့ ဘ၀ညီမျှခြင်း ကိုပိုင်ဆိုင်ခဲ့ရပါက ဘ၀မှာ ပို၍ပျော်ရွှင်နိုင်မယ်လို့ ယူဆနိုင်သလို, မလိုလားတဲ့ ဘ၀ညီမျှခြင်းတွေကြောင့် မိမိတို့ရဲ့ဘ၀မှာ ငြိုးငယ်စွာနဲ့, ပင်ပန်းဆင်းရဲကြီးစွာနဲ့ နေ့ရက်တွေမှာ ဖြတ်ကျော်နေရနိုင်ပါတယ်။ ဒါဟာလည်း ပြောင်းလဲမရတဲ့ အမှန်တရားဖြစ်ကြောင်း ထင်ရှားပါတယ်။
သေချာတာကတော့, ကိုယ့်ရဲ့ ‘ဘ၀ညီမျှခြင်း’တွေက ဘ၀တစ်လျှောက် ကိုယ်နဲ့ ထိပ်တိုက်ရင်ဆိုင် ရဖို့ရှိတာကြောင့် ခံနိုင်ရည်ရှိစွာ ကျော်လွှားဖို့လိုကြောင်း မြင်သာစေပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီလို ညီမျှခြင်း ကြောင့်ပဲ ကိုယ့်အနေနဲ့ ဘ၀ရဲ့ မုန်တိုင်းများ, မြုပ်ကွက်များ, ထောင်ချောက်များ, ၀င်္ကဘာ ထဲများ ၌ ကျရောက်နိုင်သလို, ဒီလိုတွေ့ကြုံရတဲ့အတွက်ကြောင့်ပဲ ကိုယ့်အနေနဲ့ သူမတူတဲ့ ဘ၀အမြင်များ, ဒူပေနာပေရှိမှုများ, ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့စွမ်းရည်များ, ရဲစွမ်းသတ္တိများ စတဲ့ ရုန်းကန်လှုပ်ရှားမှုမှ ရသော အသီးအပွင့်များကို ရရှိ လာစေမှာမလွဲပါဘဲ။
အကယ်စင်စစ်, ဘ၀ညီမျှခြင်းတွေက မိမိတို့ရဲ့ နားလည်သိရှိမှုနဲ့ အဓိပ္ပာယ်ဖွင့်မှုမှာ များစွာမူတည်နေတာကြောင့်, ကောင်းရင်ကောင်းသလို, ဆိုးရင်ဆိုးသလို, ကွဲပြားသော ရလဒ်များကို ရလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို ပုံဖော်ပြီး နှလုံးသွင်းမလဲ, ရှုမြင်မလဲက မိမိတို့ရဲ့ဘ၀ အတိမ်အနက်ပေါ် တုံ့ပြန်နိုင်စွမ်း,နဲ့ မိမိတို့ရဲ့ အရည်အချင်းများအပေါ် မေးခွန်းထုတ်နေလျက်ရှိပါတယ်။
မှန်ပါတယ်…
ကိုယ်က ပိုကောင်းတဲ့ ဘ၀ညီမျှခြင်းတွေနဲ့ပဲ ထိုက်တန်ပါတယ်…
ကိုယ်က ပိုသာလွန်တဲ့ ဘ၀ညီမျှခြင်းတွေနဲ့ပဲ ကြုံဆုံခွင့်ရှိပါတယ်…
တကယ်လည်း…
ကိုယ့်အနေနဲ့ ပိုကောင်းတဲ့, ပိုသာလွန်တဲ့ ဘ၀ညီမျှခြင်းတွေကို ရရှိဖို့ဆိုရင်
ကိုယ့်ရဲ့ လက်ရှိ,ပိုင်ဆိုင်ထားတဲ့ ဘ၀ညီမျှခြင်းတွေအပေါ် အကောင်းဆုံး နှလုံးသွင်းကာ, ရင်ဆိုင်ကာ,
လက်ခံကြိုဆိုကာ,ခွင့်လွတ်ကာ, အတူတကွ မိတ်ဖွဲ့ပြီး ယှဥ်တွဲနေထိုင်သွားဖို့သာ ရှိနေပါတော့တယ်။
ကိုယ့်ရဲ့ ဘ၀ညီမျှခြင်းတွေက ‘ကိုယ်ဖြစ်လာစေဖို့’ တွန်းအားတွေ မဟုတ်နေခဲ့ဘူးလား?
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now!Contact: https://t.me/buniqcoaching

