"The ideation corner: discover valuable content in one place and apply it to your life."

မိသားစု၀င်ကောင်းတစ်ဦး ဖြစ်ဖို့ပဲ လိုပါတယ်

Share the Love

မိမိတို့ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ ပြဿနာအများစုရဲ့ မြစ်ဖျားခံရာ နေရာကို ပြပါဆိုရင် “မိသားစု” ဆိုတဲ့ အသိုက်အမြုံလေးဖြစ်မယ်ဆိုတာကို ငြင်းပယ်နိုင်စွမ်းမရှိပါဘူး။ Sadhguru အဆိုအရ မိသားစုတွေဟာ “ရာဇ၀တ်မှု”ပင်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အကြောင်းမှာ မိသားစုတွင်း၌ ကောင်း၏,ဆိုး၏အရာများ, ညီမျှမှု, မညီမျှမှု ဆိုတဲ့အရာများ, စတင်မွေးဖွားလာရခြင်းကြောင့်ဖြစ်ပါတယ်။ အကယ်စင်စစ် မိသားစုရဲ့အခြေအနေ နှင့်အဆင့်အတန်းပေါ်မူတည်ပြီး သားသမီးတွေရဲ့အနာဂတ်ကို အဖြူအမည်းပြောင်းလဲစေနိုင်ကြောင်း ထင်ရှားပါတယ်။ သာဓကတွေမှာ ပညာရေးလိုက်စားတဲ့မိသားစုမှာမွေးဖွားလာရတဲ့အခါ ကလေးတွေက ပညာတတ်ဖြစ်ဖို့ ရာခိုင်နှုန်းများစေပြီး သာမန်လက်လုပ်လက်စား မိသားစုမှာ ကြီးပြင်းလာမယ်ဆိုရင်တော့ သာမန်တွေက ပိုဖြစ်နိုင်ချေရှိပါတယ်။ ချွင်းချက်များရှိနေနိုင်ပါလိမ့်မယ်။

မိသားစုလို့ ဆိုလိုက်တဲ့အခါ မိဘရဲ့ အခန်းကဏ္ဍက အခရာ ကျလှပါတယ်။ မိဘတွေရဲ့ ဘယ်သူဘယ်၀ါဖြစ်တည်မှုက သားသမီးတွေအပေါ် များစွာ ရိုက်ခတ်စေမှာဖြစ်ပါတယ်။ ဒီကမှတစ်ဆင့် ကလေးတွေကို မှန်ကန်တဲ့ ပျိုးထောင်မှု, သွန်သင်မှု မလုပ်နိုင်ပါက ကလေးတွေရဲ့အနာဂတ်ဟာ အလွန်စိုးရိမ်ဖွယ်ရာ ရှိနေနိုင်ပါတယ်။ မိဘဘက်က သိ၍ဖြစ်စေ, မသိ၍ဖြစ်စေ ပြောဆိုဆုံးမ,လိုက်သည်များဟာ ကလေးရဲ့ မှတ်ဥာဏ်ထဲ၌ ကိန်းအောင်းစေပြီး ကလေးရဲ့အတွေးအကြံအလုပ်တွေဆီ သက်ရောက်စေနိုင်ပါတယ်။ “မင်းတော်တယ်” “မင်းလုပ်နိုင်တယ်” “မင်းဖြစ်နိုင်တယ်” ဆိုတဲ့စကားများများ ကြားတဲ့ကလေးနဲ့ “မင်းအသုံးမကျဘူး” “မင်းညံ့တယ်” “မင်းကဖြစ်မှာလည်းမဟုတ်ဘူး”ဆိုတဲ့ စကားတွေကိုကြားတဲ့ကလေးတွေရဲ့ အနာဂတ်တွေက လွန်စွာကွဲပြားစေမှာဖြစ်ပြီး မိဘကပင် ကလေးရဲ့ ယုံကြည်မှု, တိုးတက်မှု, ဆုတ်ယုတ်မှုမှာ ပဓာနကျ နေတဲ့ ဇာတ်ကောင်ဖြစ်နေစေပါတယ်။ ဒါကြောင့် ကလေးပျိုးထောင်တဲ့အခါ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ,ရုတ်ပိုင်းဆိုင်ရာများကို မည်သို့မည်ပုံ ကူညီပံ့ပိုးပေးရမည်ဆိုတာကို မိဘများလေ့လာထားသင့်, နားလည်ထားသင့်သည်မှာ မလွဲပါဘဲ။ 

ပိုမိုကောင်းမွန်တဲ့ မိသားစု တည်ဆောက်ကြတဲ့အခါ လိုတာတွေကိုယူပြီး မလိုတာတွေကို ချန်ခဲ့ဖို့, ကျောခိုင်းဖို့ ဆိုတဲ့ အမြင်ကို ဖွင့်ဖို့လိုအပ်ပါတယ်။ အတိတ်က မအားစပ်တော့တဲ့ ယဥ်ကျေးမှု, အတွေးအမြင်တွေနဲ့ ပဲ့ပြင်မှုများကို မှန်ကန်ပြီး ခေတ်နဲ့လျှော်ညီတဲ့ ထိန်းကျောင်းပဲ့ပြင်မှုများနဲ့ အစားထိုးသွားကြရမှာဖြစ်ပါတယ်။ ကိုယ်ကြုံကြိုက်ခဲ့ရတဲ့ မကောင်းတဲ့အရာတွေ၊ မလျှော်ကန်တဲ့အရာတွေကို ကလေးတွေဆီ လက်ဆင့်မကမ်းမိဖို့ လိုအပ်ပါတယ်။ သို့မှမဟုတ် လက်ဆင့်ကမ်းမိပါက မဆုံးနိုင်တဲ့ သံသရာဆီ ဦးတည်စေနိုင်ပါတယ်။ မြင်သာအောင်ကြည့်နိုင်တာက အိမ်တွင်း၌ ကျား,မ ခွဲခြားမှု , အိမ်မှုကိစ္စ ဆိုင်ရာတွေမှာ ကျား,မအခြေခံ၍ မျက်နှာကြီးငယ်ထားမှု, တစ်ပြေးတည်း ကလေးများအပေါ် မဆက်ဆံနိုင်မှု, အင်အားသုံးပြီး ဆုံးမ ရိုက်နှက်မှု, ကျင်ပယ်မှု, စတာတွေက မိမိတို့အနေနဲ့ ကလေးတွေဆီ သိ၍ဖြစ်စေ, မသိ၍ဖြစ်စေ, အမွေပေးလိုက်ကြခြင်းသာဖြစ်ပါတယ်။ မှန်ပါတယ်၊ ယဥ်ကျေးမှုမျှော်မှန်းချက်တွေနဲ့ ကျား,မ မျှော်မှန်းချက်အောက်ရောက်နေကြရတဲ့အခါ အားလုံးလုပ်နေကြတာတွေက မှန်ကန်တယ်လို့ဆိုပြီး မေးခွန်းမထုတ်မိဘဲ လက်ဆင့်ကမ်းမိနေကြခြင်းက ကျန်းမာတဲ့ မိသားစု၀င်များ ဖြစ်တည်လာမှုအပေါ် မေးခွန်းထုတ်လာရစေပါတယ်…။

ထို့အတွက်ကြောင့် မိသားစု၀င်ကောင်းများ ဖြစ်လာစေဖို့ အသိပညာဗဟုသုတများကို မဖြစ်မနေ ဆည်းပူးလေ့လာသွားကြဖို့လိုပါတယ်။ ပညာကပဲ မိမိတို့ရဲ့ လုပ်ရပ်များ, အတွေးအကြံအလုပ်များကို ထိန်းသိမ်း ပဲ့ကိုင်သွားစေနိုင်ပါတယ်။ ဆက်လက်ပြီး မိမိတို့ တစ်ဦးခြင်းဆီရဲ့တာ၀န်ယူမှု, တာ၀န်ခံမှုနဲ့ တစ်ကိုယ်ရည်တစ်ကာယ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြင့်တည်ဆောက်သွားခြင်းက ပိုမိုခိုင်မာတဲ့ အနာဂတ်ဆီလျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဖြစ်ခဲ့သမျှ မလိုတော့တဲ့ ပူပန်မှု, ပြဿနာများ ကို သင်ခန်းစာယူပြီး နည်းမှန်လမ်းမှန်နဲ့ဖြေရှင်းသွားဖို့လိုပါတယ်…။ 

တကယ်တော့ မိသားစု၀င်ကောင်းတစ်ဦးဖြစ်ဖို့ဆိုရင် မိမိကစပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲများကို တတ်အားသရွေ့လုပ်ဆောင်သွားဖို့လိုပါတယ်…။

မိဘရဲ့တာ၀န်, ကလေးရဲ့တာ၀န်, အားလုံးရဲ့ တာ၀န် ကိုယ်ဆီကို ပြန်ယူပြီး ပိုပြီး တိုးတက်တဲ့ မိသားစု၀င်များဖြစ်လာစေဖို့ အင်တိုက်အားတိုက် ကြိုးစားဖို့သာရှိနေပါတော့တယ်။

အားလုံးက မပြည့်စုံကြပေမဲ့ မိသားစု၀င်ကောင်းတစ်ဦးဖြစ်ဖို့ဆိုရင်တော့ မိမိကပဲ စတင်ပါတယ်…

[မိသားစုနဲ့ ဆက်စပ်တဲ့ ဗီဒီယိုလေးကိုလည်း Be Unique Living YouTube Channel မှာ တင်ဆက် ပေးထားပါတယ်]

Thar Htoo-Be Unique

Share the Love