“ဒီလိုပဲဖြစ်ရမယ်” “ဟိုလိုမဖြစ်ရဘူး” “ဒါပဲလုပ်ရမယ်” “ဟိုလို မလုပ်ရဘူး” စတဲ့ အကန့်အသတ်တွေနဲ့ မိမိရဲ့ လုပ်နိုင်စွမ်း ကိုင်နိုင်စွမ်းတွေကို လူမှန်းသိတတ်စ အရွယ်ကတည်းက တုံ့နှောင်ထားခဲ့ကြရပါတယ်။ ကိုယ့်ရဲ့လာရာ နောက်ခံက ဒီလိုပဲဖြစ်လို့ ကိုယ်ကလည်း ဒီလိုပဲ ထိုက်တန်ရမယ်ဆိုတဲ့ မမျှတတဲ့ မျှော်မှန်းချက်တွေအောက် ကြီးပြင်းခဲ့ကြရလို့ ကိုယ့်ရဲ့ အကောင်းဆုံး လုပ်နိုင်ပါတယ်ဆိုတဲ့အရာတွေအပေါ်မှာ သံသယ၀င်နေလေ့ရှိပါတယ်။ “ဒါဟာ ငါနဲ့ တကယ်ရော ထိုက်တန်ရဲ့လား” ဆိုတဲ့ မသိစိတ်ရဲ့ တွန်းကန်မှုတွေက အားကြီးနေ နိုင်ပါတယ်။ ဒီလိုကြောင့်ပဲ ကိုယ်ဟာ လုပ်နေသလောက်, ရနေသလောက် မထိုက်တန်ဘူးလို့ တွေးမိနေနိုင်ပါတယ်။ ဒါ့အပြင် ဆက်လက်ကြိုးစားဖို့ဆိုတဲ့ အတွေးကိုလည်း ဖိချထားသလို ဖြစ်နေနိုင်ပါတယ်။
ပတ်၀န်းကျင်နှင့် အိမ်က ဒါပဲဖြစ်ရမယ်-should be ဆိုတဲ့စကားသံတွေက ပိုကျယ်လောင်နေလေ့ရှိပြီး ဒီလိုလုပ်နိုင်တယ်-could be ဆိုတဲ့စကားသံ တွေက မှေးမှိန်နေလေ့ရှိလို့ တိုးတက်မှုတွေကို လုပ်ဆောင်ဖို့ ကြိုးစားတာထက် ဘယ်လိုပုံလေးနဲ့ပဲ အံ၀င်ခွင်ကျ ရှင်သန်ရမလဲဆိုတဲ့ အဆင့်မှာပဲ အချိန်တွေကုန်ဆုံးနေကြရပါတယ်။ တစ်နည်းအားဖြင့် အကောင်းဆုံး ကြိုးစားမှုက အခြားလူတွေအတွက်ဖြစ်ပြီး ကိုယ့်အတွက်မဟုတ်ဘူးဆိုတဲ့ အတွင်းပုံပြင်တွေက အတွေးထဲ, စိတ်ထဲ, ဖြန့်ကျက်နေရာယူနေလေ့ ရှိပါတယ်။ အကျိုးဆက်က ယုံကြည်မှုတွေပျောက်ဆုံးနေနိုင်ပြီး တိုးတက်ရမယ်ဆိုတဲ့အရွေ့တွေဆီ သွားဖို့ အချိန်ကြာမြင့်နေနိုင်ပါတယ်။
မှန်ပါတယ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေ,ကိုင်နိုင်စွမ်းတွေက တိုးချဲ့နိုင်တယ်၊ ဒီထက်ပိုကောင်းတာတွေကိုလုပ်နိုင်တယ်၊ ဒါပေမဲ့ ဒါဟာ လူတိုင်းအတွက် လွယ်ကူလှတဲ့ ခရီးစဥ်မဟုတ်နေပြန်ပါဘူး။ ကိုယ့်အနေနဲ့ များစွာသော တံတိုင်းတွေ၊ ဆူးညှောင့်ခလုတ်တွေ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ရနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး ဗားရှင်းတွေကို ပုံဖော်ခွင့်ရှိနေတယ်၊ သစ်လွင်တဲ့လူနေမှုဘ၀နဲ့ ကာရံခွင့်ရှိတယ်၊ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်သွားဖို့ အချိန်ရှိနေတယ်ဆိုတာကို သတိရဖို့လိုပါတယ်။
တကယ်တော့
ကိုယ်ဟာ အရည်အချင်းမရှိတာမဟုတ်နေပါ…
ကိုယ်ဟာ ယုံကြည်မှု မရှိတာမဟုတ်နေပါ…
ကိုယ်ဟာ မလုပ်နိုင်တာမဟုတ်နေပါ…
တကယ်တော့
ကိုယ့်ရဲ့အစွမ်းအစတွေက အိပ်စက်နေရခြင်းကြောင့်ပါ…
ကိုယ့်ရဲ့ အစွမ်းအစတွေက နိုးထရှင်သန်ခွင့် မရသေးတာကြောင့်ပါ…
ကိုယ့်ရဲ့အစွမ်းအစတွေကို ပြန်လည်နိုးထနိုင်ပါစေ…။
Thar Htoo-Be Unique