ကိုယ့်ဘ၀ရဲ့ တာထွက် ချိန်တွေ, စမှတ်တွေ ဟာ အခြားလူတွေရဲ့ တာထွက်ချိန်တွေ, စမှတ်တွေနဲ့ ထပ်တူကျနေနိုင်စွမ်း, ညှိယူနိုင်စွမ်း မရှိပါဘူး။ အကြောင်းက ကိုယ်နဲ့ ချွတ်စွပ် တူတဲ့သူ, ကိုယ်နဲ့ထပ်တူစွမ်းရည်တူတဲ့သူ လောကမှာ ရှိတာဆိုလို့ ကိုယ်တစ်ယောက်တည်းသာ ရှိကြောင်း သက်သေပါပဲ။ တစ်နည်းအားဖြင့် ကိုယ့်လိုတူတဲ့သူဆိုလို့ ကိုယ်ပဲရှိပါတယ်။ မြင်အောင်ကြည့်ရရင် ကိုယ့်ရဲ့ ‘မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်’, ပြီးရင် ‘အနာဂတ်မှာဖြစ်လာမဲ့ ကိုယ်’ ဆိုတဲ့ အခြေအနေသုံးရပ်ကြားမှာသာ အကဲဖြတ်နိုင်စွမ်းရှိနေပါတယ်။
သို့သော်လည်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပတ်၀န်းကျင်မှာ ကြီးပြင်းလာရသူတွေပီပီ နှိုင်းယှဥ်လိုက်မှ, တိုင်းတာလိုက်ရမှ,ဆိုတဲ့ ယဥ်ကျေးမှုကြား ကိုယ့်ရဲ့ အရှိကိုယ်အရှိတိုင်း ကြိုးစားရှင်သန်မှုကို များစွာသောအခြေအနေအရပ်ရပ်မှ နည်းမျိုးစုံနဲ့ တွန်းအားများပေးနေလျက်ရှိပါတယ်။ အကျိုးဆက်က ကိုယ့်ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းအပေါ်မှာ ဂုဏ်ယူနိုင်စွမ်း, ကျေနပ်နိုင်စွမ်း မရှိတော့ဘဲ ‘ငါဒီလောက်ပဲလုပ်နိုင်ရလား’ဆိုတဲ့ စင်းလုံးချောဖြစ်တဲ့စိတ်က သိ၍ဖြစ်စေ,မသိ၍ဖြစ်စေ များစွာလွှမ်းမိုးနေလျက်ရှိပါတယ်။ ဒါဟာ အန္တရာယ်များတဲ့ နေထိုင်မှုဖြစ်ပါတယ်။ ကိုယ့်ရဲ့ ‘အကောင်းဆုံး’ဖြစ်နေရမယ်ဆိုတဲ့ပုံဖော်မှုဟာ အမြဲတစေ တိုးနေနိုင်မှာမို့ ကိုယ်လုပ်နိုင်တဲ့ ဘောင်ကနေ ကျေနပ်မှုတစ်ခုရနေဖို့လိုအပ်ပါတယ်…။
အရေးကြီးသည်မှာ မိမိအနေနဲ့ အခြားလူနဲ့ယှဥ်ပြိုင်နေသရွေ့ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာအပေါ် ထိန်းချုပ်နေမိတာမျိုး ဖြစ်နေနိုင်ပါတယ်။ သာဓကအားဖြင့် အခြားလူရဲ့ ကာယအား,ဥာဏအား, စွမ်းဆောင်မှုအား စတာ တွေဟာ ကာယကံရှင်ကသာလျင် စီမံ လုပ်ဆောင်နိုင်တာမို့, သူတို့နဲ့ယှဥ်မိနေပါက အဆုံးမရှိတဲ့ လေဟာနယ်ထဲရောက်နေသလိုဖြစ်နေတတ်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ ကိုယ်တိုင် မဖန်တီးထားတဲ့ ၀င်္ကဘာလေးထဲ နစ်၀င်သွားသလိုရှိနေစေပြီး နောက်ဆုံးမှာ လမ်းပျောက်နေနိုင်ပါတယ်။ တစ်ဖက် မိမိနဲ့မိမိကြား အာရုံစိုက်ပြီးလုပ်ဆောင်နေခြင်းက မိမိထိန်းချုပ်နိုင်တဲ့ အ၀န်းအ၀ိုင်းဖြစ်လို့ သွားလိုရာခရီးကို သတ်မှတ်အချိန်တစ်ခုမှာ ရောက်အောင်သွားနိုင်စွမ်းရှိနေပါတယ်။ ဒါဟာလည်း ကိုယ်နဲ့ကိုယ်ကြား ယှဥ်ပြိုင်ခြင်းရဲ့ အားသာချက်ဖြစ်ပါတယ်။
သေချာတာကတော့ ကိုယ့်ရဲ့ပန်းတိုင်ကို သိရှိပြီး ထိုအတွက်ကောင်းမွန်တဲ့ပြင်ဆင်မှုမျိုး, လုပ်ဆောင်မှုမျိုးကို ကို ထိရောက်စွာ လုပ်နေဖို့လိုပါတယ်။ အခြားလူတွေနဲ့ပြိုင်နေခြင်းက ‘ပြိုင်လေလေ ပြိုင်းသွားလေလေ’ ဖြစ်နေနိုင်မှာမို့ ကိုယ့်ရဲ့အဖိုးတန်တဲ့, စိတ်နဲ့ အာရုံတွေကို ကိုယ့်ဘ၀ရဲ့တက်လမ်းအတွက် ရင်းနှီးဖို့သာ ထိုက်တန်ပါကြောင်း အမှတ်ရသင့်ပါတယ်…။
အခြားလူရဲ့အောင်မြင်မှုအပေါ် မုဒိတာပွားနိုင်ပါစေ…
ကိုယ့်ရဲ့ အောင်မြင်မှုအပေါ်မှာလည်း ကျေနပ်နိုင်ပါစေ…
“သင်ဟာပြိုင်ဘက် ကင်းတယ်ဆိုတာအမှတ်ရပါ…”
Thar Htoo-Be Unique