"The ideation corner: discover valuable content in one place and apply it to your life."

တက်လမ်းရှိတဲ့ရပ်၀န်းမှာ ရွှေ့ပြောင်းနေထိုင်ပါ

Share the Love

မိမိနေထိုင်ရာ ပတ်၀န်းကျင်ဟာ မိမိရဲ့စိတ်စွမ်းအားထက် များစွာ စွမ်းအားကြီးကြောင်း ပညာရှင်တွေအတိအလင်းဆိုထားကြပါတယ်။ ဆက်စပ်တွေးခေါ်ရရင် ပတ်၀န်းကျင်မှာဖြစ်ပျက်နေတဲ့ ကောင်း၏,ဆိုး၏ အရာများက မိမိရဲ့ စိတ်အခြေအနေတွေအပေါ် များစွာ ရိုက်ခတ်စေမှာဖြစ်ပြီး မိမိရဲ့ခံယူချက်တွေကိုပါ သိ၍ဖြစ်စေ, မသိ၍ဖြစ်စေ ပြောင်းလွယ်ပြင်လွယ် ရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘ၀တိုးတက်ရေးကို လုပ်ဆောင်တဲ့အခါ ‘တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်း’ မိမိအတွက် လိုအပ်တဲ့ ပတ်၀န်းကျင်,နှင့် မြှင့်တင်ရေး စံနှုန်းတွေကို ပေးနိုင်ခြင်းမရှိတော့တဲ့အခါ ထိုနေရာမှ ဆက်လက်နေထိုင်ဖို့မဖြစ်တော့ကြောင်း နှင့် ထိုနေရာမှ ထွက်ခွာဖို့ သတင်းစကားပေးနေကြောင်း ထင်ရှားပါတယ်။ ထိုသို့သောအရွေ့ကို မိမိသာလျင်လက်တွေ့ လုပ်နိုင်စွမ်းရှိပါလိမ့်မယ်။

ဘ၀မှာ တိုးတက်ပြောင်းလဲသွားတဲ့, တိုးတက်ပြောင်းလဲနေတဲ့ လူတွေကို ကြည့်ရင် သူတို့နေထိုင်ရာ, ကာရံရာ, ပေါင်းသင်းဆက်ဆံရာ လူနဲ့နေရာတွေဟာ သူတို့ရချင်ရောက်ချင်တဲ့ နေရာတွေဆီ ပံ့ပိုးပေးနေနိုင်ကြောင်း မျက်ဝါး ထင်ထင် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Dan Peña ဆိုခဲ့ဖူးသလို မိမိပေါင်းသင်းတဲ့ မိတ်ဆွေ တွေကိုပြရုံနဲ့ မိမိရဲ့အနာဂတ်ကို ခန့်မှန်းချက်ပေးနိုင်ကြောင်း ဆိုပါတယ်။ ဒါဟာလည်း Jim Rohn ပြောခဲ့တဲ့အတိုင်း မိမိဟာ မိမိပေါင်းသင်းတဲ့ လူငါးဦးရဲ့အကျင့်စရိုက် ပုံစံတွေ အတိုင်း ဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။ ကောင်းတဲ့လူနှင့် ပတ်၀န်းကျင်မှာ ရှင်သန်ရင်ကောင်းဖို့များတယ်၊ ဆိုးတဲ့ပတ်၀န်းကျင်မှာနေထိုင်ရင် ဆိုးသွမ်းဖို့ များစေမှာဖြစ်ပါတယ်။ ဘယ်သူတွေနဲ့ ကာရံနေမိလည်းက မိမိအနေနဲ့ ဘယ်လိုလူဖြစ်လာစေမလဲဆိုတာ အတိအလင်းပြောပြနိုင်ပါတယ်။ ဒါဟာလည်း ချွင်းချက်တွေရှိကောင်း ရှိနေနိုင်ပါတယ်။

အရေးကြီးသည်မှာ မိမိဘ၀,မိမိသာလျင် ရှင်းလင်းစွာ ခံစားသိမြင်နိုင်လို့ လုပ်ဆောင်သောအရွေ့တွေတိုင်းအပေါ် မိမိသာလျင် အကဲဖြတ်နိုင်ဆုံးသူ ဖြစ်နေပါလိမ့်မယ်။ ဒီလိုတက်လမ်းရှိတဲ့အရပ်ကို ရွှေ့ပြောင်းလို့ မိမိအနေနဲ့ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ကြောင်းနဲ့ အခွင့်အရေးကိုသာ လိုက်လံရှာဖွေနေခြင်း မဟုတ်ကြောင်း ကွဲပြားစွာ သိမြင်နိုင်ဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် သာမန်ဖြစ်စဥ်မှ ကွဲထွက်ခြင်း လုပ်လိုတဲ့အခါ, လူတွေနဲ့မတူဘဲ လမ်းကြောင်း သွေဖြည်မိတဲ့အခါ, အတွေးအမြင်များ, ဖိအားများ, ဝေဖန်တိုက်ခိုက်မှုများ ဟာ, မိမိထံသို့ နည်းမျိုးစုံနဲ့ ကျရောက်လာတတ်ပါတယ်။ ကျရောက်လာပါကလည်း ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲဆိုတာက မိမိသာလျင်ဆုံးဖြတ်နိုင်စွမ်းရှိပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ မိမိအတွက် တန်ဖိုးမပေးတော့တဲ့အရာများ, လူများနှင့်နေရာများကို အလိုအလျောက် ကျောခိုင်းသွားစေနိုင်တာကိုလည်း မျှော်လင့်ထားရမှာဖြစ်ပါတယ်။

ကမ္ဘာဦးလူသားတွေရဲ့ ခြေသလုံးအိမ်တိုင်ဘ၀ နဲ့နေထိုင်သွားလာတတ်တဲ့ ဗီဇဟာ လူတွေမှာ တစ်နည်းနည်းနဲ့ ကိန်းအောင်းနေကြတာဖြစ်လို့ မိမိအနေနဲ့ တစ်နေရာမှာ တစ်ဘ၀လုံး ရင်းဖို့မလိုဘဲ မိမိအတွက် ရေကြည်ရာမျက်နုရာ နေရာတွေကိုရှာဖို့ သတင်းစကားတွေပေးနေပြီးဆိုရင် ထိုနေရာတွေကို ရှာဖွေကာ ဆင့်ကဲဆင့်ကဲ ပြောင်းရွှေ့နေထိုင်သွားဖို့ ထိုက်တန်ပါတယ်…။ ကမ္ဘာကြီးဟာလည်း နယ်စည်းမခြားဖြစ်နေတဲ့ ရွာကလေးဆိုတာမို့ မိမိအတွက် တိုးတက်ပြီး ကောင်းမွန်တဲ့လူနေမှုဘ၀ကို ဖမ်းဆုတ်ဖို့ အခွင့်အရေးရှိပါတယ်…။

တကယ်လည်း တက်လမ်းရှိတဲ့ရပ်၀န်းမှာ ရွေ့ပြောင်းနေထိုင်ဖို့ပဲ လိုတာမဟုတ်လား…?

Thar Htoo-Be Unique

Share the Love