"The ideation corner: discover valuable content in one place and apply it to your life."

မတူရင် မတုနဲ့…

Share the Love

ကိုယ်ရောက်နေတဲ့နေရာမှာ ဘ၀င်မကျဖြစ်နေတာ၊ ဘေးကလူတွေက ငါ့ထက် တော်နေပြီး သာနေတာတွေကို တွေ့ပြီး ကိုယ့်ဘ၀ကို ဒီလောက်တောင်မရောက်သေးပဲဖြစ်နေမိလား..။ အဓိကတော့ နှိုင်းယှဥ်ပြီး ကိုယ့်ဘ၀ကို ကိုယ်မကျေမနပ်ဖြစ်ပြီး အားမလိုအားမရဖြစ်နေဖူးလား… ဒါတွေကို ရှင်းလင်းချက်လေး တစ်ခုနဲ့ ပြောပြချင်ပါတယ်။

ဒီ concept လေးကို ဂန်ဘတဲ စာလုပ်ကလေးကနေရတဲ့အချက်ကလေးနဲ့ ကျွန်တော် ရှင်းပြချင်ပါတယ်။

လွယ်လင့်တကူနားလည်ထားဖို့က “ရှုဟရိ-Shuhari” ဆိုတဲ့ ဒဿနစကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးရဲ့ ဆိုလိုချက်က ကျွန်တော်တို့ ဘ၀ရဲ့ နယ်ပယ်တစ်ခုမှာ ဆရာတဆူဖြစ်ဖို့သွားရာလမ်းကြောင်းမှာ အဆင့် (၃) ဆင့်ကိုဖြတ်ကျော်ရပါတယ်။ စကားလုံး (၃) လုံးပါအတိုင်း ပထမဆုံး “ရှု”အဆင့်၊ ဒုတိယအဆင့်ကတော့ “ဟ” နှင့် တတိယအဆင့်ကတော့ “ရိ” ဆိုပြီး ရှိပါတယ်။

ပထမ အဆင့်ကိုပြောပြရရင် “ရှု” ဆိုတာ Conerstone ပင်မ အခြေခံအုတ်မြစ်ဆိုပြီးသိထားလို့ရပါတယ်။ ပညာတစ်ခုခုစတင်သင်ယူတော့မယ်ဆိုရင် အခြေခံကနေစတင်ကြရတယ်မဟုတ်လား…။ ကျွန်တော်တို့တွေ မြန်မာစာ စသင်တဲ့အရွယ်တုံးက ၀လုံးလေးတွေကို စပြီး လက်ညှောင်းနေအောင်ရေးခဲ့ရတယ်။ ဒီကမှတဆင့်နောက်ထပ်အဆင့် ဗျည်းအက္ခရာတွေကို ဆင့်ကဲ့ဆင့်ကဲထပ်သင်ယူသွားရပါတယ်။ ဆိုတော့ ပညာတစ်ခုကို အခြေခံကနေမလေ့လာရင် အဆောက်အအုံလိုပဲ အခြေခံအုတ်မြစ်မခိုင်ရင်ပြိုလဲတတ်သလိုပါပဲ။ ဒါကြောင့် အခြေခံအဆင်ကို ကျော်မသွားသင့်တဲ့အချက်လို့ ပြောချင်ပါတယ်။ ကိုယ်က အဆင့်တွေကျော်သင့်ယူခဲ့ပြီး စာမကျေရင် တဖက်လူကို နားလည်အောင်ရှင်းပြလို့မလွယ်တော့ပါဘူး။ ဒီအဆင့်ကိုတနည်းအားဖြင့် “စုဆောင်း” တဲ့အဆင့်လို့လဲမြင်လို့ရပါတယ်။

ဒုတိယအဆင့်က တော့ “ဟ” ဆိုတဲ့အဆင့်ပါ Explore စူးစမ်းရှာဖွေတဲ့အဆင့်ဖြစ်ပါတယ်။ ကျောင်းနေတုန်းကလို့ အခြေခံတွေရေးတတ်ဖတ်တတ်သွားရင် ဒီထက် နည်းနည်း challenging ခက်တဲ့ အရာလေးတွေကို စမ်းသပ်ပြီး ဖတ်ကြတယ်၊ ဥပမာ စာအုပ်စာပေဖတ်တာ, သုတ, ရသဖတ်ရှုတာ စသည်ဖြင့် မြင်လို့ရပါတယ်။ လုပ်နေကျအလုပ်တွေထဲက ဖောက်ထွက်တဲ့သဘောပေါ့။ သင်္ချာပုစ္ဆာလိုပဲ တွက်နည်းသိသွားရင် ကျန်တဲ့ နည်းနည်းဖောက်ထွက်ရတဲ့မတူတဲ့ မေးခွန်းတွေကို လိုက်ရှာပြီးတွက်တာ။ ခက်တာလေးတွေကို အကဲစမ်းတွက်ကြည့်တာမျိုး။ တနည်းအားဖြင့်တော့ သင်ယူထားတဲ့အရာတွေပေါ် မေးခွန်းထုတ်လာတာ၊ ရှုထောင့်မတူတဲ့နေရာကနေစ တင်ကြည့်လာ ဖြစ်ပါတယ်။  ဆိုတော့ ဒီအဆင့်ကတော့ “တုပပြီးလိုက်လုပ်တဲ့အဆင့်” လို့လဲ မြင်နိုင်ပါတယ်။

တတိယအဆင့် “ရိ” ဆိုတာကတော့ အစဥ်အလာတွေကနေ စတင်ပြီး ထွက်ခွာပြီး ကိုယ့်လမ်းကိုယ်ထွင်တဲ့အဆင့်ရောက်သွားပါပြီး။ နားလည်လွယ်အောင်ပြောရရင် ကိုယ်တိုင်သိရှိထား၊ သင်ယူထားတာတွေကို သုံးပြီး မရှိသေးတဲ့အရာတွေကို စတင်ဖန်တီးတီထွင်တဲ့အဆင့်လို့ပြောလို့ရပါတယ်။ ဥပမာ စီးပွားရေးပညာတွေကိုလေ့လာသင်ယူပြီး ကိုယ်တိုင်စတင် လုပ်ဆောင်ပြီး အများမလုပ်ရသေးတဲ့ လုပ်ငန်းအသစ်ကိုစတင်လုပ်ဆောင်တာမျိုးပါ။ ကိုယ့်လမ်းစဥ်နဲ့ ကိုယ်သွားနေတာလို့ သိထားလို့ရပါတယ်။ ဒီအဆင့်ကိုရောက်နေတဲ့သူတွေကတော့ ဆရာတစ်ဆူဖြစ်နေပြီး ဆိုတာပါ။ အကြောင်းကတော့ သူတို့က ပြန်ပြီး သင်ကြားပို့ချနေသူတွေ၊ တကယ့်လက်တွေ့လုပ်ပြီး နဖူးတွေ့ ဒူးတွေ့လုပ်ပြီး သွားနေသူတွေဖြစ်ပါတယ်။ တစ်ခုတော့သတိရှိဖို့က ဆရာတဆူဖြစ်လာဖို့ ဆိုတာ အခြေခံကအဆင့်တွေကိုလဲ မေ့လျှော့ထားလို့မရဘူး။ အောက်ခြေလွတ်နေလို့လဲမဖြစ်တာကိုရည်ညွန်းပါတယ်။ တကယ်တော့ ဆရာကောင်းတယောက်ဆိုတာ “ရှုဟရိ”အဆင့် (၃)ခုလုံးကမျှတစွာ ကျင့်ကြံနေသူဖြစ်ဖို့လိုပါတယ်။

အထက်ကခေါင်းစဥ်ကိုပြန်ဆက်ရရင် မတူရင်မတုနဲ့ ဆိုတာက ကိုယ့်အနေနဲ့ “ရှု” အဆင့်မှာပဲရှိနေပြီး  “ဟ” တို့  “ရိ” တို့ အဆင့်ရှိသူတွေနဲ့ ခေါင်းချင်းယှဥ်ဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ ကိုယ်က နယ်ပယ်တစ်ခုမှာ ဆရာတဆူဖြစ်လာဖို့ လှေကားတထစ်ခြင်းတက်ရတယ်မဟုတ်လား… ကျော်တက်လို့တော့ ရကောင်းရမယ်.. ဒါပေမဲ့ အကျနာတတ်တယ်ဆိုတာလဲ ထည့်တွက်ရပါလိမ့်မယ်။ အခြေခံမခိုင်ပဲ ဘယ်အဆာက်အဦကမှ နှစ်တာရှည်ခံသလဲ ဆိုတာပြန်တွေးရမယ်။ ဆိုတော့ ဒီအချက် (၃) ချက်က သင့်အတွက် ရှင်းလင်းချက်တစုံတရာရမယ်လို့ ယူဆမိပါတယ်။

Thar Htoo-Be Unique

Share the Love