"The ideation corner: discover valuable content in one place and apply it to your life."

ကိုယ့်ရဲ့ စွမ်းအားတွေကို ပြန်လည်ဖမ်းဆုတ်ရယူပါ

Share the Love

ကိုယ်သာလျှင် ကိုယ့်ဘ၀ခရီးကို အဓိက မောင်းနှင်နေသူ တစ်ဦး ဖြစ်သော်လည်း ဖြတ်သန်းမှု ခရီးစဥ်တစ်လျှောက် ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်စွမ်းအားတွေဟာ အပြည့်အ၀ရရှိနေခြင်းမှ ကင်းကွာနေတာကို မျက်၀ါးထင်ထင် မြင်တွေ့နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်အပါအ၀င်,ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်း, ကိုယ့်ရဲ့ ဆုံးဖြတ်ချက်, ကိုယ့်ရဲ့ရွေးချယ်မှုတွေဟာ ကိုယ့်တစ်ဦးတည်းမှ လာခြင်းထက်, ပြင်ပ အတွေးအမြင်များ, အယူအဆများ, စံနှုန်းများရဲ့ ပါ၀င်ပတ်သက်မှုက များစွာ လွှမ်းမိုးထားလျက်နေတာကို, ကိုယ်တွေ့ကြုံဆုံရနိုင်ပါတယ်။

တကယ်တော့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေ, ကိုယ့်ရဲ့စွမ်းအားတွေဟာ လွတ်လပ်မှုရှိနေဖို့, ရှင်သန်ခွင့်ရနေဖို့ အရေးကြီးပါတယ်။ ဒါဟာလည်း လောက၌ ရရှိတဲ့ မွေးရာပါ လက်ဆောင်တွေဖြစ်ပါတယ်။ ကိုယ့်ရဲ့စွမ်းအားတွေကို ပြန်လည်ဖမ်းဆုတ်ရယူဖို့ ဆိုတဲ့ နောက်ကွယ်မှာ ခိုင်မာတဲ့ အကြောင်းအရင်းများစွာရှိနေတာကို အောက်ပါအချက်တွေက သက်သေပြနေပါလိမ့်မယ်။

ကိုယ့်အနေနဲ့ထမ်းထားသော၀န်များကို လျှော့ချနိုင်ခြင်း

အခြားလူတွေရဲ့ ထင်မြင်ယူဆချက်, အကြံအဥာဏ်များကို နေရာပေးထားခြင်းမှ ရပ်တန့်လိုက်တဲ့အခါ ကိုယ်နဲ့ကိုယ်ကြား ပြန်လည်ချိတ်ဆက်နိုင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ဘ၀လမ်းကြောင်းကို ရှင်းလင်းစွာမြင်နိုင်လာခြင်း, ကိုယ့်ရဲ့ရွေးချယ်မှုတွေကို ပိုကောင်းအောင်လုပ်နိုင်ခြင်း အပြင်, အရေးကြီးသည်မှာ ကိုယ့်ရဲ့ ‘သင်ယူထားခံရတဲ့ ကိုယ်’ဆိုတဲ့ လူကို လက်လွတ်နိုင်ပြီး ကိုယ့်ရဲ့ ‘အရှိကိုယ်အရှိတိုင်း ဖြစ်နေတဲ့ ကိုယ်နဲ့’ ချိတ်ဆက်ခွင့်ရလာမှာ ဖြစ်ပါတယ်။

အဓိပ္ပာယ်ပြည့်၀တဲ့ဘ၀ကို ပိုမိုစူးစိုက်လာနိုင်ခြင်း

စစ်မှန်သော စွမ်းအားဆိုသည်မှာ ခက်ထန်မှု,ကြမ်းတမ်းမှုများနဲ့ မတူညီပါ။ တကယ်တော့ စစ်မှန်တဲ့စွမ်းအားလို့ဆိုလိုက်ခြင်းဟာ ကိုယ့်ရဲ့ဘ၀မှာ မှန်ကန်တဲ့လမ်း ကို ယုံကြည်စွာ စိတ်ရောကိုယ်ပါ လျှောက်လှမ်းနေခြင်းသာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ကိုယ့်အတွက် ရှေ့ဆက်ဖို့ ပံ့ပိုးပေးနိုင်ခြင်း မရှိသော အရာများ, အလေ့အကျင့်များ, အတွေးအခေါ်များ,နဲ့ ကာရံမှုများမှ အောင်နိုင်ခြင်းကိုပါ ကြိုးစားနေဖို့လိုပါတယ်။ သို့မှသာ ပိုမိုလုံခြုံတဲ့, ကျေနပ်တဲ့, ပေါ့ပါးတဲ့ နေထိုင်မှုကို ရရှိစေမှာဖြစ်ပါတယ်။

စိုးရိမ်ကြောင့်ကြမှုမှ ကင်းဝေး လာနိုင်ခြင်း

လူတွေရဲ့ အမြင်အောက် နေထိုင်ခြင်းကို လျှော့ချနိုင်တဲ့အခါ, ကိုယ့်ဆီ ကျရောက်လာသောအရာတွေကို ဘယ်လိုတုံ့ပြန်ရမလဲလို့ တစ်ချိန်လုံးတွေးနေခြင်းမှ ထွက်ခွာလိုက်တဲ့အခါ, တကယ်လို့…ဒီလိုဖြစ်လာရင်… ဆိုပြီးအတွေးလွန်ခြင်းမှ ပူးပေါင်းမှုမလုပ်တော့တဲ့အခါ, ကိုယ့်ရဲ့ယိုဖိတ်နေတဲ့ အာရုံတွေ, စွမ်းအင်တွေကို ပြန်လည် ထိန်းသိမ်းလာနိုင်မှာ မလွဲပါဘဲ။ ရလဒ်က ကိုယ့်အနေနဲ့ ပိုအရည်အသွေးကောင်းတဲ့ ဘ၀နေထိုင်နည်းများနဲ့ ဖန်တီးနိုင်မှုစွမ်းရည်များကို အရှိန်မြင့်လာနိုင်မှာ သေချာပါပဲ။

ကိုယ်နဲ့ကိုယ်ကြား ရှိတဲ့ ဆက်ဆံရေးကို ကုစားနိုင်ခြင်း

ကိုယ့်ရဲ့ ရင်ထဲ, စိတ်ထဲက လာတဲ့ စစ်မှန်တဲ့ ဖော်ပြမှုများကို အခွင့်အခါမပေးသည့်တိုင် ရဲရင့်စွာ ချပြနိုင်တဲ့အခါ, ဆုံးဖြတ်နိုင်တဲ့အခါ, ရွေးချယ်နိုင်တဲ့အခါ, ကိုယ်နဲ့ကိုယ်ကြား ယုံကြည်မှု, လေးစားမှု, နားလည်မှု များကို ပိုမိုတိုးစေပါတယ်။ ဒါဟာလည်း ကိုယ့်အတွက် ဘ၀မှာ ရှိသင့်တဲ့ အခြေခံအုတ်မြစ်များဖြစ်ပါတယ်။

အလားအလာတွေကို ချဲ့ထွင်သွားနိုင်ခြင်း

အမြဲတမ်းနှောက်ယှက်နေတဲ့ မလိုအပ်တော့တဲ့ ပုံပြင်များ, အတွင်းစကားသံများ, မလုံခြုံမှုများ, ကြောက်ရွံ့မှုများ, နဲ့ ပတ်သက်နေခြင်းမှ ဖြည်လျှော့လိုက်တဲ့အခါ, (သို့) လွတ်ချလိုက်နိုင်တဲ့အခါ, ကိုယ့်အနေနဲ့ အခွင့်အလမ်းများ, အလားအလာများကို ယုံကြည်စွာ, သံသယကင်းစွာ, လက်ခံရယူလာနိုင်မှာဖြစ်ပါတယ်။

အချုပ်မှာတော့ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေ, စွမ်းအားတွေဟာ ကိုယ့်ရဲ့လက်၀ယ်မှာသာ ရှိနေသင့်ပါတယ်, ရှိလည်းရှိနေပါတယ်။ ရရှိထားတဲ့အရာကို သေချာပြန်လည်ဖမ်းဆုတ်နိုင်ပြီး ပျိုးထောင်သွားနိုင်ပါမှ, ကိုယ့်အနေနဲ့ ကျယ်ပြောသော ဘ၀မြင်ကွင်းများ,လုပ်ပိုင်ခွင့်များ, သာလွန်သော အခွင့်အလမ်းများ, ကျေနပ်အားရဖွယ်ကောင်းသော ဘ၀နေထိုင်မှုများ ကို လက်တွေ့ ရယူ, ခံစားနိုင်မှာ အသေအချာပါပဲ…။

ကိုယ့်ရဲ့စွမ်းအားတွေကို ပြန်လည်ရယူဖို့မမေ့ပါနဲ့…

ကိုယ့်ရဲ့စွမ်းအားတွေကို ပျိုးထောင်သွားဖို့ မမေ့ပါနဲ့…

ကိုယ့်ရဲ့စွမ်းအားတွေကို မျှတစွာ အသုံးပြုသွားဖို့ မမေ့ပါနဲ့…

ကိုယ့်ရဲ့စွမ်းအားတွေက ကိုယ့်ဘ၀ရဲ့ အဖိုးမဖြတ်နိုင်တဲ့

ဆုလာဘ်တွေဖြစ်နေတာကို မမေ့ပါနဲ့…

Thar Htoo-Be Unique

🌻Get a Free 30-Minute Coaching session now!Contact: https://t.me/buniqcoaching

Share the Love