ဘ၀ရဲ့ မိုင်ပေါင်းများစွာ ကို ခရီးနှင်လာခဲ့သော်လည်း ကိုယ့်ရဲ့ လိုအပ်ချက် ဆိုတဲ့ ‘ကွက်လပ်’ လေးတွေဟာ လျှော့နည်း သွားခြင်းမရှိဘဲ, ပို၍သာ တိုးနေသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။ ကွက်လပ် လို့ဆိုရာမှာ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ, ရုပ်ပိုင်းဆိုင်ရာ အခြေခံ လိုအပ်ချက်တွေကို အကြောင်းအမျိုးမျိုးကြောင့် ဖြည့်ဆည်းနိုင်ခဲ့ခြင်း မရှိနေတာကို ဆိုလိုပါတယ်။ ဒီလို လစ်ဟင်းမှုကြောင့် ကိုယ့်ဘ၀ရဲ့ အရည်အသွေးတွေဟာ ကျဆင်းနေနိုင်ပါတယ်။
သို့ရာတွင် ကိုယ့်အနေနဲ့ ကွက်လပ်လေးတွေကို နည်းမျိုးစုံသုံးပြီး ကြိုးစား ဖြည့်ဆည်းနေသော်လည်း အံ၀င်ခွင်ကျ ဖြစ်ဖို့ ခဲယဥ်းနေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်အနေနဲ့ ပြင်ပအရာတွေဆီမှာ ကိုယ့်ရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းနိုင်ဖို့ မှီခိုနေရခြင်းက ယာယီဆန်နေနိုင်ကြောင်း, ထိရောက်မှု အားနည်းနေနိုင်ကြောင်း, လက်တွေ့ကျမှုနဲ့ ကင်းကွာနေနိုင်ကြောင်း သတိရဖို့လိုပါတယ်။
အမှန်စင်စစ်, ‘ကိုယ့်ရဲ့ ကွက်လပ်တွေကို ကိုယ်သာလျှင်’ သေချာပြန်လည် ရှာဖွေနိုင်မှာဖြစ်ကြောင်း, ကွက်လပ်တွေရဲ့ အတိမ်အနက်ကို ကိုယ်သာလျှင် ပိုပြီး နက်နဲစွာ သိမြင်နိုင်မှာဖြစ်ကြောင်း, သို့မှတစ်ဆင့် ရနိုင်သော အကူအညီများ, ရင်းမြစ်များ, လိုက်ဖက်သော ချဥ်းကပ်မှုများနှင့် ထိုကွက်လပ်များကို နိုင်နှင်းစွာ ဖြည့်ဆည်းနိုင်မှာဖြစ်ကြောင်း မြင်သာစေပါတယ်။
အရေးကြီးသည်မှာ ကွက်လပ်တွေကို ဖြည့်ဆည်းတဲ့အခါ အပေါ်ယံ ဆန်သောနည်းများ, မကျန်းမာသောနည်းများ, စွန့်စားမှု လွန်ကွဲစွာပြုရသော နည်းများ, စတဲ့ နည်းလမ်းများဖြင့် ဖြည့်ဆည်းခြင်းဖြင့် အမှန်တကယ် ကွက်လပ်တွေကို ဖြည့်ဆည်းပေးလိုက်ခြင်း မဟုတ်ဘဲ, ပိုမိုဆိုးရွားတဲ့ အခြေအနေတွေ ကိုသာ ဖိတ်ခေါ်စေလိုက် သလို ဖြစ်နေနိုင်ပါတယ်။ တကယ်တော့ ကွက်လပ်ကိုဖြည့်ဖို့က နှေး၏,မြန်၏ ဆိုတာထက် စစ်မှန်၏,မစစ်မှန်၏ ဆိုတာက ပိုအလေးသာစေမှာ ဖြစ်ပါတယ်။ ဒါဟာလည်း အနာနဲ့ဆေး တွေ့စေလိုက်ခြင်းပဲ မဟုတ်ပါလား။
သေချာတာကတော့…
ကွက်လပ်တွေကို ဆေးမြီးတိုနဲ့ ကုစားဖို့ မဖြစ်နိုင်ပါ…
ကွက်လပ်တွေကို ကိုယ်သာလျှင် အကောင်းဆုံး နားလည်နိုင်သူပါ…
ကွက်လပ်တွေကို ကိုယ်သာလျှင် ပဲ့ကိုင်နေသူပါ…
ကိုယ့်ရဲ့ ကွက်လပ်တွေကို သေချာပြန်လည်ရှာဖွေပြီး အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပါစေ။
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now! Contact: https://t.me/buniqcoaching

