"The ideation corner: discover valuable content in one place and apply it to your life."

မသိခြင်းလေဟာနယ်မှာ တည်ငြိမ်မှုနဲ့ ရင်ဆိုင်ပါ 

Share the Love


အန္တရာယ်များစွာနဲ့ ရင်ဆိုင်ရတဲ့ နေ့စဥ်ဘ၀တွေက ခေတ်ဟောင်းလူသားတွေ ကျင်လည်ကျက်စားခဲ့ရတဲ့ လူနေမှုဘ၀တွေ ဖြစ်ခဲ့ပါတယ်။ ခေတ်သစ်လူသားတွေအတွက် ထိုလူနေမှုဘ၀ထက် အဆပေါင်းများစွာ သာလွန်တဲ့ အခြေအနေတွေရှိနေလင့်ကစား စိုးရိမ်ပူပန်မှုကတော့ ခေတ်ဟောင်းလူတွေနဲ့မခြား ရှိနေတယ်ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ ဒါဟာလည်း ဖြစ်တည်မှုအရ မိမိတို့ရဲ့ ဦးနှောက်က ကြီးကြီးသေးသေး မည်သို့သော ခြိမ်း-ခြောက်မှုမျိုး ကိုမဆို တုံ့ပြန်တဲ့အခါ မခွဲခြားဘဲ အားနဲ့အင်နဲ့သာ တုံ့ပြန်တတ်လေ့ရှိတာကြောင့် စိုးရိမ်ပူပန်ဟာ လျှော့ကျသွားခြင်းမရှိနေပါဘူး…။ ဒါကြောင့် မိမိတို့အနေနဲ့ သေချာပြန်လည်ထိန်းညှိနေထိုင်ဖို့ လိုအပ်တာကို အမှတ်ရဖို့လိုပါတယ်။ 

ထို့နည်းတူစွာပဲ မိမိတို့အနေနဲ့ ‘မသိခြင်းဆိုတဲ့ လေဟာနယ်ထဲ’ ရောက်နေကြရတဲ့အခါ လွန်စွာကြောက်ရွံ့မိတာ, တုံ့ပြန်မိတာ, ငြင်းပယ်မိတာ, မရင်ဆိုင်ချင်မိတာ စတဲ့ ခံစားချက်မျိုးစုံကို ကြုံကြိုက်ကြရပါတယ်။ ဒါကြောင့်ပဲ ဘ၀မှာ လေးပင်စွာ, ညိုးငယ်စွာ, စိတ်ပျက်စွာ စသည့်စိတ်ခံစားချက်များနဲ့ ဖြတ်သန်းနေကြရလေ့ရှိပါတယ်။ မှန်ကန်စွာ ပြန်လည်သုံးသပ်ဖို့ လိုတာက ’မသိခြင်းလေဟာနယ်က’ လောက သဘာ၀ရဲ့ ပါ၀င်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း, လူတိုင်းကြုံရမှာဖြစ်ကြောင်း, ဘ၀တက်လှမ်းတွေမှာ တွန်းအားအဖြစ် ပါ၀င်နေမှာဖြစ်ကြောင်း, ရှာဖွေနေသောအဖြေတွေကို ထိုအခိုက်အတန့်မှာတင် ရရှိနိုင်ချေရှိကြောင်း ထင်ရှားနေပါတယ်။ 

သို့ရာတွင် မသိခြင်း လေဟာနယ်က အမှန်တကယ်ရော ကြောက်ဖို့ကောင်းနေရဲ့လား? ကြောက်ရမယ်ဆိုရင်ရော, ဘာကြောင့်များ ကြောက်သင့်ရပါလဲ? စတဲ့ မေးခွန်းတွေကို များများပြန်မေးဖို့ လိုအပ်ပါလိမ့်မယ်။ ငြင်းလို့မရသည်မှာ ဦးနှောက်က အမြဲတမ်းသေချာတဲ့ အဖြေတွေကိုသာ ရှာဖွေလေ့ရှိလို့ ဘာပြီးဘာဖြစ်ရမယ်, ဒီလမ်းကြောင်းပြီးရင်နောက်ထပ်ဘယ်လမ်းကြောင်းဆက်သွားရမလဲ ဆိုတဲ့ တစ်ဆင့်ပြီးတစ်ဆင့်သွားနေရတာကို နှစ်ခြိုက်လို့ အတားအဆီးများ ကြုံကြိုက်လာရပါက ကြောက်ရွံ့မှုများကို ဖိတ်ခေါ်လိုက်သလိုဖြစ်စေပါတယ်။ 

သတင်းကောင်းက မသိခြင်းတွေကို ဟောဟောဒိုင်းဒိုင်း တုံ့ပြန် ရင်ဆိုင်ရမဲ့အစား ‘တည်ငြိမ်စွာနဲ့ရင်ဆိုင်လိုက်တာက’ ထွက်ပေါက်ဆိုတာကို သတိရသင့်ပါတယ်။ ဒါဟာလည်းမိမိရဲ့ထိန်းချုပ်မှုဧရိယာမှာရှိနေခြင်းပင်ဖြစ်ပါတယ်။ ဘာကြောင့်များ စိုးရိမ်ရမဲ့နေရာမှာ တည်ငြိမ်နေရမှာလဲလို့မေးခွန်းထုတ်နေနိုင်ပါတယ်။ မှန်ပါတယ်…။ တကယ်တော့ တည်ငြိမ်မှုက ကြောက်ရွံ့မှုတွေကိုလျှော့ချစေပြီး မိမိအတွက် အားအင်ပြန်ယူနိုင်ကာ လိုအပ်တဲ့ ‘စွမ်းအားများ’ မွေးထုတ်ပေးနိုင်တဲ့ မြေသြဇာလေးဖြစ်ပါတယ်။ တည်ငြိမ်မှုမှ တဆင့် မိမိတို့ရဲ့ သာလွန်တဲ့ စိတ်ကူးစိတ်သန်းများ, အားအင်များ, ရဲစွမ်းသတ္တိများ, ပြဿနာဖြေရှင်းနည်းများကို မွေးဖွားလာစေနိုင်လို့ဖြစ်ပါတယ်။ 

အချုပ်မှာတော့ မိမိတို့အနေနဲ့ ယနေ့ရောက်နေတဲ့နေရာဌာနကို ‘မသိခြင်းပေါင်းများစွာ’ဖြတ်ကျော်ခဲ့ပြီးမှရောက်ရှိလာခဲ့ရတာမဟုတ်ပါလား? ဒါဟာလည်း မိမိတို့ ရရာနည်းလမ်းနဲ့ အင်တိုက်အားတိုက် စွမ်းစွမ်းတမံ အကောင်းဆုံး ဖြတ်ကျော်ခဲ့ကြတာမဟုတ်လား…?

တကယ်တော့…

မသိခြင်းလေဟာနယ်က ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်…

မသိခြင်းလေဟာနယ်က အားအင်ဖြည့်ပေးနိုင်ဖို့ ဖြစ်တယ်…

မသိခြင်းလေဟာနယ်က ကိုယ့်အတွက် ကျော်ဖြတ်နိုင်တဲ့အရာဆိုတာပါပဲ…။

မသေချာခြင်းတွေမှာ နေသားကျပြီး တည်ငြိမ်နေဖို့မမေ့ပါနဲ့…

သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…

Thar Htoo-Be Unique

🌻 Get a Free 30-Minute Coaching session now! Contact: https://t.me/buniqcoaching

Share the Love