ဘ၀ရဲ့ အန္တိမ ရည်မှန်းချက်ကို ပြောပါဆိုရင် တည်ငြိမ်အေးချမ်းပြီး အပူအပင်ကင်းတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ဖြစ်ပါတယ်။ ကိုယ်ဆီမှာ မိမိတို့ ပုံဖော်ထားတဲ့ စိတ်ကူးယဥ် ဘ၀လေးများ ရှိကြပါတယ်။ သို့သော် စိတ်မကောင်းစွာနဲ့ဘဲ အချို့သောအခြေအနေမှာ ထိုစိတ်ကူး ပုံဖော်ထားတဲ့ဘ၀နဲ့ ဝေးမြဲ ဝေးကွာနေကြရပါတယ်။ ဒါဟာလည်း မိမိတို့အနေနဲ့ ဘ၀ရဲ့ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အတက်အကျတွေမှာ လိုက်လျှောညီထွေစွာနဲ့ နေထိုင်ကြရလို့ဖြစ်ပါတယ်။ မည်သို့ဆိုစေ သတင်းကောင်းက ပြင်ပ အခြေအနေတွေမှာ မိမိတို့ရဲ့ အားအင်တွေကို ပုံအောပေးထားမှာထက် မိမိတို့ရဲ့ သစ်လွင်တဲ့ ကိုယ်ပိုင် ဘ၀ဥယျာဥ်လေးကို စိတ်ကြိုက် ဖန်တီး, ပုံဖော်ခွင့်ရှိနေတာတော့အမှန်ပါပဲ။
ကြီးပြင်းလာခဲ့တဲ့ လူမှုပတ်၀န်းကျင်ရဲ့ သွန်သင်ခံရမှုတွေကြား, မျှော်မှန်းချက်တွေကြား, အတွေးအခေါ်တွေကြား, ယုံကြည်မှုတွေကြား, မိမိတို့အနေနဲ့ လူတွေရဲ့ သွားရာ, လာရာ, လုပ်ရာ, ကိုင်ရာ, ပြောရာ, ဆိုရာ, တွေဆိုတဲ့ ပုံစံခွက်တွေထဲ ၀င်နေကြရခြင်းကြောင့် ကိုယ့်ရဲ့အမှန်တကယ်ဖြစ်ချင်နေတာတွေနဲ့ ဝေးနေပြီး လူအုပ်ကြီးနောက် တစ်ကောက်ကောက် လိုက်ပါနေကြရပါတယ်။ ဒီလိုနဲ့ ကိုယ့်အတွက် စစ်မှန်တဲ့ ဘ၀အသိုက်အမြုံလေးကို တည်ဆောက်ဖို့ မေ့နေကြခြင်း ဖြစ်နေပါတယ်။ ရလဒ်က မိမိတို့ရဲ့ စိတ်ပါ၀င်စားမှု, နှစ်သက်မှု, ကိုယ်ဆိုတာကို နားလည် သိမြင်မှု, စတာတွေကို ပြန်လည်မတူးဆွနိုင်ဖြစ်ရပါတော့တယ်။ ထိုမှတစ်ဆင့် မိမိကိုယ်ကိုယ် ပျောက်ဆုံးနေတတ်စေပါတယ်။
လိုတာတွေကိုယူပြီး, မလိုတာတွေကို ချန်ထားခဲ့ဖို့ဆိုတဲ့စကား အတိုင်း မိမိဘ၀ရဲ့ သစ်လွင်တဲ့ ဘ၀ဥယျာဥ်ခြံကို တည်ဆောက်တဲ့အခါ ကိုယ့်ရဲ့စိုက်ပျိုးချင်တဲ့ သစ်ပင်ပန်းမန်တွေကို သေချာစိစစ်ရွေးချယ်ပြီး လိုအပ်တဲ့ ဓာတ်မြေသြဇာများ, ပစ္စည်းကိရိယာများ, အစာရေစာများ ဖြည့်တင်းဖို့ နဲ့ ပုံမှန် ပြုစုယုယဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ ‘ဘ၀ဥယျာဥ်ခြံ’လေးဟာ သူမတူနေမှာ သဘာ၀ဆိုတာပါပဲ။ ကိုယ့်ရဲ့နှစ်သက်ရာ အရောင်အသွေး, ရှုရှိုက်ခံချင်ရာ ရနံ့, ကာရံလိုတဲ့ ပန်းမန်အမျိုးအစား စတဲ့အရာတွေကို စိတ်တိုင်းကျ စုစည်းခွင့်ရှိနေပါတယ်။ ကိုယ့်အတွက် ဘ၀ဥယျာဥ်ခြံလေးထဲ ၀င်ရောက်နားခိုတဲ့အခါ အားအင်များ, ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းများ, ပျော်ရွှင်မှုများ, တက်ကြွမှုများ, လွတ်လပ်မှုများ, မွေးဖွားပေးနိုင်တဲ့အားထားရတဲ့ ဥယျာဥ်ခြံလေးဖြစ်အောင် အစဥ်တစိုက် ကြိုးစားသွားရမှာဖြစ်ပါတယ်။
သေချာပါတယ်၊ စိတ်ကြိုက်ပုံဖော်နိုင်တဲ့ ဥယျာဥ်ခြံလေးကို နေ့ချင်းညချင်းနဲ့တည်ဆောက်လို့မရနိုင်ပါဘူး၊ ပေးဆပ်မှုများ ရှိပါလိမ့်မယ်, လွတ်ချမှုများ ရှိပါလိမ့်မယ်, ရောင့်ရဲမှုများ ရှိပါလိမ့်မယ်, ခါးသည်းမှုများရှိပါလိမ့်မယ်။ ဒါတွေက အလွန် ကျော်ဖြတ်ဖို့ ခဲယဥ်းစေနိုင်ပါတယ်။ သို့သော် မိမိတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေဟာ မိမိတို့စိတ်ကြိုက်ပုံဖော်ချင်တဲ့ ဘ၀ဥယျာဥ်အတွက် ‘လိုအပ်တဲ့ အစိတ်အပိုင်းများ’ ဖြစ်ကြသည်ကို မမေ့လျှော့ဖို့လိုပါတယ်။ ကိုယ်အတွက် ‘မလိုတဲ့အရာတွေကို သိရှိပြီးသွားတဲ့အခါမှ’ ‘လိုတဲ့အရာတွေကို’အာရုံစိုက်နိုင်လာနိုင်စေမှာ’ မလွဲပါပဲ။
အကယ်စင်စစ် ကိုယ့်ရဲ့ စိတ်ကြိုက်ပုံဖော်ခွင့် ရချင်နေတဲ့ ဘ၀ဥယျာဥ်ခြံလေးဟာ ကိုယ့်ရဲ့ လက်၀ယ်မှာ ရှိနေတယ်ဆိုတာပါပဲ။ သာယာလှပတဲ့, သစ်လွင်တဲ့, ဘ၀ဥယျာဥ်ခြံလေးဖြစ်စေဖို့ ကိုယ့်အနေနဲ့ ‘ဥယျာဥ်မှူးကောင်း တစ်ဦး’ဖြစ်နေဖို့တော့ လိုပါတယ်။ ဒါဟာလည်း ဥယျာဥ်ခြံလေးရဲ့အနာဂတ်ကိုရေရှည်မှာ ဘယ်လိုဘယ်ပုံ အဆုံးအဖြတ်ပေးသွားစေနိုင်မှာ မဟုတ်ပါလား…။
ကိုယ့်ရဲ့သစ်လွင်တဲ့ဥယျာဥ်ကို အမြန်ဆုံး, အလှဆုံး တည်ဆောက်နိုင်ပါစေ…။
သင်ဟာ ပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now! Contact: https://t.me/buniqcoaching