အရင်တုန်းက ဆရာတွေအမြဲပြောခဲ့ဖူးတာက Practice Makes Perfect ဆိုတဲ့စကားသံလေးကို အခုထိလဲနားထဲကနေမထွက်သေးပါဘူး။ တခါတလေတောင် ကိုယ့်အနေနဲ့ ကလေးတွေကိုလဲ အဲ့ဒီလို ပြန်ပြီးအားပေးခဲ့ဖူးတယ်။ တဖြည်းဖြည်းခြင်း မြင်လာတာက ပြီးပြည့်စုံတာမရှိလို့ ဒီဆိုရိုးလေးက နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒါက perfect ကနေ better ဆိုတဲ့ ဖြစ်စဥ်ပါပဲ။ များများလေ့ကျင့်လေ ပိုပိုပြီး ကောင်းလာလေလေ လို့ အဓိပ္ပါယ်ရပါတယ်။
တကယ်တော့ ဘယ်လောက်ကြိုးစားကြိုးစား ဟာကွက်တွေ၊ လိုအပ်ချက်တွေကရှိနေစမြဲမို့ ပိုမိုကောင်းမွန်ဖို့ သာရည်မှန်းဖို့လိုပါလိမ့်မယ်။ မိဘတွေ၊ ဆရာတွေ၊ လူကြီးတွေအနေနဲ့ ကလေးတွေကို ငယ်ရွယ်ကတည်း ကနေ ဒီလိုမျိုး အားပေးအား မြောက်ပြုသင့်တဲ့စကား လေးဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ဘ၀မရှိတာကို ကြိုတင်သိရှိထားခြင်းဖြင့် လူငယ်တွေနဲ့ ကလေးတွေအတွက် အကျိုးကျေးဇူးများ စွာရရှိနိုင်မှာဖြစ်ပါတယ်။
ပထမအကျိုးကျေးဇူးတွေကတော့ နှိုင်းယှဥ်တာတွေလျှော့ချသွားမယ်လိုထင်ပါတယ်။ ငယ်ငယ်ကတည်းကနေယခုအသက်ရွယ်ထိ နေ့စဥ်နှိုင်းယှဥ်မှုလူတိုင်း မှာ တနည်းနည်းနဲ့တော့ ခေါင်းထဲမှာ ၀င်ရောက်နေနိုင်ပါတယ်။ ကိုယ်ကဘယ်သူ့ထက်နောက်မှာဖြစ်နေတာတို့၊ ဘယ်သူကအရှေ့ကိုရောက်နေပြီး၊ ငါ့မှာဒီလိုတော့မရှိသေးဘူး၊ ဒီပစ္စည်းလေး သူများတွေကိုင်နေပြီး ငါတော့မကိုင်ရသေးဘူး စသဖြင့်..၀င်နေမိမှာဖြစ်တယ်။ တဖက်မှာတော့ ကိုယ့်ရဲ့အသိထဲမှာ လူတွေကဒီလိုမျိုးတွေလုပ်နိုင်တယ်၊ ကိုင်နိုင်တယ်၊ သွားနိုင်တယ်၊ ငါလည်း ဘာကြောင့်လုပ်ရင်မဖြစ်ရမှာလဲဆိုတဲ့ အသိ၀င်သွားစေတယ်။ သူတို့တောင်လုပ်နိုင်သေးတာ ငါလဲလုပ်နိုင်တယ်၊ ကြိုးစားရင် ပိုပြီး ကောင်းလာမယ်ဆိုတဲ့အသိပိုပြီး၀င်သွားမှာဖြစ်လို့ နှိုင်းယှဥ်တာမျိုးတွေလျှော့ချသွားမယ်ထင်ပါတယ်။
ဒုတိယအကျိုးကျေးဇူးကတော့ တစ်ခုခုစတင်ဖို့ ပြီးပြည့်စုံနေမှ စရမယ်လို့မတွေးတော့ဘူး။ အကောင်းဆုံးကတော့ကိုယ့်အနေနဲ့ အရည်အချင်းတစ်ခုသင်ယူတတ်မြောက်ထားတာ တွေကို ပြန်လည်မျှ ၀ေ ပေးတာကတော့ professional ပိုဆန်ပါတယ်။ ဒါပေမဲ့ ကိုယ်က သင်နေဆဲကာလကနေလူတွေနဲ့ လက်ပွန်းတတီးနေပြီး ကိုယ်သိတာတွေ၊ ဘယ်အဆင့်ရောက်နေတာတွေကို တပြည်းထဲ ချပြနိုင်ရင်တော့ဘေးကလူတွေကိုလဲ ပညာပေးရာရောက်တယ်လို့ ကျနော်ယူဆမိပါတယ်။ ဒီအတွက်လဲလူတိုင်းက ချပြချင်မှချပြမယ်။ အကြောင်းကတော့ များသောအားဖြင့်ကိုယ့်ဘေးမှာသိတာတွေ၊ တတ်တာတွေက ချက်ချင်းကြီးဆိုပေါ်လာလို့ ငါကသူတို့လိုလုပ်နိုင်ပါ့မလား ဆိုပြီးလူတွေကတွေးကြတယ်။ evolution, transformation စပ်ကြားကာလတွေကို ဘေးကလူတွေနဲ့ပိုပြီး ချပြနိုင်ရင်တော့ လူတွေပိုပြီးအားကျမိမယ်၊ လက်တွေ့ပိုဆန်မှာမျိုးကို ပြောချင်ပါတယ်။
တတိယအချက်ကတော့ ပိုမိုကောင်းမွန်လာရေးကိုပဲအာရုံစိုက်ရလို့ အမှားတွေကိုလုပ်ဖို့၀န်မလေးနိုင်တော့ပါဘူး၊ (တစ်ခုခုစတင်ဖို့ မှားမှာကြောက်တာမျိုးကိုရည်ညွန်းပါတယ်)၊ ငယ်စဥ်တုန်းကလဲမှာတာနဲ့ ရိုက်ခံရတဲ့ စနစ်မျိုးနဲ့ ကြီးပြင်းလာကြတယ်ဆိုတော့ မှားတယ်ဆိုတာမျိုးက လုပ်လို့မရတဲ့အရာမျိုးဖြစ်နေတယ်လို့ ယူဆလိုက်မိတဲ့အခါ ဘာမှကိုမလုပ်မကိုင်ရဲကြလို့ တီထွင်ကြံဆမှုတွေလဲဖြစ်ပေါ်ဖို့ နှေးကွေးသွားပါတယ်။ ကိုယ်ရောက်နေတဲ့ သက်ဆိုင်ရာ နေရာနယ်ပယ်အလိုက် အခက်အခဲတွေရှိကိုရှိမှာသေချာတာတကြောင်းလဲဖြစ်နေတော့ အပြစ်ရယ်လို့မပြောချင်ပါဘူး။ များများမှားထားဖူးရင် များများပြင်ဆင်ထားနိုင်မယ်၊ အလုပ်ဖြစ်တဲ့နည်းလမ်းတွေကိုလဲများများမြင်လာမယ်။ ဒါကြောင့်မှားတာက မုချဖြစ်နေတဲ့အရာဆိုတာနားလည်ပြီး ဘယ်ဟာက အလုပ်ဖြစ်လဲမဖြစ်လဲဆိုတဲ့အရာတွေက ပိုပြီးအဓိကကျသွားပါလိမ့်မယ်။
အချုပ်အားဖြင့်ဆိုရင်တော့ များများစမ်းလုပ်ကြည့်ပါ၊ အမှားတွေများများတွေ့သွားတဲ့အခါ ပိုပိုပြီး အလုပ်ဖြစ်တဲ့လမ်းကြောင်းဆီပိုနီးစပ်သွားမှာဖြစ်လို့ ရလဒ်လဲ အလိုလိုရသွားပါလိမ့်မယ်။
တကယ်တော့ များများလေ့ကျင့်လေလေ၊ များများကြိုးစားလေလေ ပိုပိုပြီး ကောင်းမွန်လာလေလေ ဖြစ်လို့ ကိုယ့်အနေနဲ့တစ်ခုခုကို စတင်ဖို့ ၀န်မလေးပါနဲ့လို့ပြောကြားရင်း..အားလုံးလိုရာပန်းတိုင်ကိုရောက်ရှိကြပါစေ…။
Thar Htoo-Be Unique