နေမင်းက သူ့အချိန်နဲ့သူ ထွက်လာပြီး အချိန်တန်ရင် ပြန်၀င်သွားလိမ့်မယ်။ ရာသီဥတုတွေက သူ့ကာလနဲ့သူ စဥ်ဆက်မပြတ် ပြောင်းလဲ ရွေ့လျားနေလိမ့်မယ်။ ဘ၀ကလည်း သူ့အချိန်စက်၀န်းနဲ့သူ အလိုအလျောက် လည်ပတ်နေပါလိမ့်မယ်။ ဒီလိုနှလုံးသွင်းလိုက်တဲ့အခါ မလိုလားအပ်တဲ့ ၀န်တွေကို ထမ်းထားရာက တစ်နည်းနည်းနဲ့လွတ်ချစေနိုင်မှာဖြစ်ပြီး မိမိအတွက် ပေါ့ပါးမှုဆိုတဲ့အရာလေးကို နေရာပေးလာနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာလောကကြီးက မည်သို့ပဲ သူ့အတိုင်း လည်ပတ်နေလင့်ကစား မိမိတို့ရဲ့ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အရာကိုပြောပါဆိုရင် “လူတွေရဲ့ အတွေးအမြင်အပေါ်မှာအလွန်အမင်း အာရုံစိုက်မိနေခြင်း-Fear of People’s Opinion (FOPO) ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အရွေ့တွေတိုင်း, ကိုယ့်ရဲ့ လုပ်ရပ်တွေတိုင်း, ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေတိုင်း စတဲ့,အပေါ်မှာ လူတွေ ဘယ်လိုမြင်ကြမလဲဆိုတာကို စိုးရိမ်ပူပန်ကြရလေ့ရှိပါတယ်။ ဒါဟာလည်း ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ လူတိုင်း တစ်နည်းနည်းနဲ့ ရင်ဆိုင်ကြရတဲ့အရာဖြစ်ပါတယ်။
ဒီလိုဆိုတဲ့အခါ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကိုယ့်ဆီမှာ ထားနေတယ်ဆိုတာထက်, ကိုယ်မထိန်းချုပ်နိုင်တဲ့ နေရာတွေဆီမှာ ပုံအောထားမိတာကိုမြင်တွေ့နိုင်ပါတယ်။ မှန်ပါတယ်။ မိမိတို့ တစ်ခုခုလုပ်မယ်ကြံတိုင်း ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေ, ယုံကြည်ချက်တွေက အခြားလူတွေရဲ့ အကဲဖြတ်မှုအပေါ်မှာ မူတည်နေသလိုရှိနေပါတယ်။ ဒါဟာလည်း ကြီးပြင်းလာတဲ့ဓလေ့အရ “သူများဘယ်လိုပြောကြမလဲ” “ပတ်၀န်းကျင်ကိုဂရုစိုက်” “ထီးထီးကြီးမကွဲထွက်နေနဲ့” “လူတွေက မင်းကို ကျင်ပယ်လိမ့်မယ်” “မင်းက လူဆိုးကြီးဖြစ်လိမ့်မယ်” “လူတွေမင်းကို နှိမ်လိမ့်မယ်, အနိုင်ကျင့်လိမ့်မယ်” စတဲ့ လက်တွေ့ကျတဲ့အရာတွေဆိုတာထက် အခြားလူရဲ့ “သူတို့ကြောက်ရပါတယ်ဆိုတဲ့ ပုံဖော်ထားတဲ့ အဓိပ္ပာယ်တွေကို ကိုယ့်ဆီ တစ်နည်းနည်းနဲ့ကူးစက်စေပြီး” ထိုအရာတွေကို တစ်ထစ်ချယုံကြည်မိရာက နောက်ဆက်တွဲအနေနဲ့ မိမိရဲ့ စိတ်ထဲနှလုံးသားထဲမှာ နေရာပေးနေမိပြီး ကိုယ်ရဲ့လုပ်နိုင်စွမ်းတွေကို မေ့လျော့ထားတတ်ကြပါတယ်။
သေချာပါတယ်၊ ကိုယ့်အရှေ့မှာတင် ဝေဖန်တိုက််ခိုက်ခံရမှု, အပြစ်ပြောခံရမှု, အနိုင်ကျင့်ခံရမှုတွေကိုလည်း ကြုံတွေ့နေရစေတဲ့ အချက်အပါအ၀င် မိမိကိုယ်တိုင်လည်း ကြုံတွေ့ဖူးတဲ့ အတွက်ကြောင့် လူတွေရဲ့ ထိုးနက်မှုက သေချာစေသလို ပေါ်လွင်နေပါတယ်။ မည်သို့ဆိုစေ ဒါတွေကို ကျော်လွှားနိုင်မဲ့ သတင်းကောင်းက မိမိအတွက် မိမိ, မားမားမတ်မတ်ပြန်လည်ရပ်တည်ဖို့ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုမိုသိရှိလာမှု, လေ့လာလိုက်စားမှု, အကူအညီပေးနိုင်သူတွေနဲ့ ကာရံမှု, မိမိနဲ့အသိုက်အမြုံတူသူတွေနဲ့ ချိတ်ဆက်မှု, မိမိရဲ့ အကြောက်တရားတွေ, မလုံခြုံမှုတွေကို သေချာလေ့လာပြီး အကူအညီပေးနိုင်သူတွေနဲ့ ရင်ဆိုင်ကျော်လွှားမှု, စည်းချထားနိုင်မှု, ဘ၀ကိုအသစ်တစ်ဖန် ပြန်လည်တည်ဆောက်မှု, စတဲ့အရာတွေကို အရှိန်အဟုန်မြင့်လုပ်ဆောင်သွားသင့်ပါတယ်။ ဒီအချက်တွေကပဲ စာရေးသူအတွက်လည်း ထွက်ပေါက်တွေဖြစ်စေခဲ့ပါတယ်။
ပြန်လည် သုံးသပ်ဖို့လိုတာက…
– လူတွေရဲ့အတွေးအမြင်တွေက ဘာကြောင့် ကိုယ့်အတွက်အရေးကြီးနေရလဲ?
– ကိုယ်ဖြစ်ချင်တာ, လုပ်ချင်တာတွေကို ဘယ်အရာတွေက တားဆီးထားတာလဲ?
– ကိုယ့်အတွက်ကိုယ် ဘာကြောင့် တာ၀န်ယူဖို့ တွန့်ဆုတ်နေရလဲ?
စတဲ့မေးခွန်းတွေကို ပြန်မေးဖို့ လိုအပ်ပါလိမ့်မယ်။
ငြင်းပယ်လို့ မရတာက, မိမိအနေနဲ့ ဘယ်လို ဘယ်ပုံပဲ လုပ်လုပ်, နေနေ, ပြောပြော, သွားသွား, လာလာ, ပတ်၀န်းကျင်ရဲ့အတွေးအမြင်တွေက အမြဲတမ်းရှိနေမယ်ဆိုတာပါပဲ။ ဒီတော့ ဘယ်အရာကို ပိုအာရုံစိုက်သင့်လဲဆိုတာက ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်-
– ကမ္ဘာကြီးက သူ့အတိုင်းသူ လည်ပတ်နေမှာပါ…
– လူတွေကလည်း သူ့သဘာ၀အတိုင်း သူလုပ်နေကြမှာပါ…
– ကိုယ်ကလည်း ကိုယ်ဖြစ်ချင်,ပုံဖော်ချင်တဲ့အတိုင်း ဆက်လက် လုပ်ဆောင်ခွင့်ရှိနေမှာပါ…
လောကဓံ အတက်အကျတွေကြား ဒူပေနာပေနဲ့ ရင်ဆိုင်နိုင်ကြပါစေ…။
သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ…
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now!Contact: https://t.me/buniqcoaching