ကိုယ့်ရဲ့ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ မလိုချင်တဲ့ ဖြစ်တည်မှုများ, နောက်ခံများ နဲ့ ဇီ၀ကမ္မဖြစ်စဥ်များကြောင့် ကိုယ့်ရဲ့ဖြစ်လိုတဲ့အိပ်မက်တွေဟာ ရပ်တန့်သွားနိုင်မှာမဟုတ်ကြောင်း ထင်ရှားပါတယ်။ အကြောင်းမှာ ကိုယ်က ‘ကြယ်ပွင့်လေးတစ်ပွင့်အဖြစ်’ ရွေးချယ် ရှင်သန်ခွင့် ရခဲ့လိုပါပဲ။’ ကြယ်လေးရဲ့ အလုပ်က ကောင်းကင်ယံမှာ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အလင်းကို တတ်စွမ်းသမျှ ကမ္ဘာလောကကြီးထံ ပေးနေဖို့နဲ့ သူ့ရဲ့ မွေးရာပါ တာ၀န်တွေကို ထမ်းဆောင်နေဖို့ပဲ ဖြစ်ပါတယ်။
မည်သို့ဆိုစေ ဘ၀တစ်လျှောက် ကိုယ့်အနေနဲ့ ကြယ်လေးလို လွတ်လပ်စွာ တောက်ပခွင့်ရနေလင့်ကစား, ကြယ်လေးဖြစ်ခြင်းကို အပြင်နဲ့အတွင်းမှ အနှောက်အယှက်များ, ကာဆီးထားခြင်းရှိနေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရနိုင်ပါတယ်။ သာဓကတွေမှာ ‘မင်းက ဒီပုံနဲ့ ဘာလုပ်မှာလဲ?’ ‘ဒါက မင်းအတွက်မဟုတ်ဘူး’ ‘ဒီနောက်ခံနဲ့ မင်းဘာမှဖြစ်လာမှာ မဟုတ်ဘူး’ ‘ဒီလိုရှိမှ, ဒီလိုဖြစ်မှ မင်းလုပ်လို့ရမှာ’ စတဲ့ ကြိုးစားလိုစိတ်ကို အငုံ့ ချိုးစေတဲ့, နောက်ပြန်ဆွဲစေတဲ့ သတင်းစကားများကြောင့် ကိုယ့်အနေနဲ့ ‘ငါထိုက်တန်သူမဟုတ်’ ‘ငါလုပ်လည်းဖြစ်မှာမဟုတ်’ ‘လူတွေငါ့ကို လှောင်ကြလိမ့်မယ်’ ‘ငါ့ပုံနဲ့မဖြစ်နိုင်ဘူး’ စတဲ့ အတွင်း အနှောက်အယှက်များက နေရာ၀င်ယူနေနိုင်ပါတယ်။
သေချာပြန်စဥ်းစားကြည့်တဲ့အခါ, ကိုယ့်အနေနဲ့ ‘ကြယ်ပွင့်လေး ဖြစ်လာစေဖို့’ အခြားလူရဲ့ ခွင့်ပြုချက်ကိုရယူနေသလိုရှိနေကြောင်း, ပြင်ပအရာတွေရဲ့ သိမ်းသွင်းမှုအပေါ် အခွင့်အာဏာ ပေးထားသလိုရှိကြောင်း, ကိုယ့်ရဲ့ လုပ်နိုင်စွမ်း ကိုင်နိုင်စွမ်းတွေအပေါ် လျှော့တွက်နေကြောင်း သိသာစေပါတယ်။ အကယ်စင်စစ်, ကိုယ်က ‘ကြယ်လေးတစ်ပွင့် ဖြစ်နေပြီးသား ဆိုတာကို လက်ခံဖို့’နဲ့ ကိုယ့်ရဲ့ တစ်ဘ၀တာ ‘တောက်ပနိုင်ဖို့ အစွမ်းကုန် ကြိုးစားရုန်းကန်ခြင်းမှအပ အခြားမရှိကြောင်းကို’ ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။
အရေးကြီးသည်မှာ ကြယ်လေးအဖြစ် တောက်ပစွာ လင်းလက်ခြင်းက အပေါ်ယံ,နေရာ၀င်ယူခြင်း မဟုတ်သောကြောင့် အလွယ်လမ်းများ, ဖြတ်လမ်းများနဲ့ ပုံဖော်နိုင်မှာမဟုတ်ကြောင်း ကို သတိချပ်ဖို့လိုပါတယ်။ သို့မဟုတ်က, ကိုယ်ရဲ့တောက်ပမှုအပေါ်ကိုယ်တိုင် ပြည့်၀သလိုခံစားရခြင်းမှ ကင်းကွာနေနိုင်ပါတယ်။ ပန်းတိုင်က, ကိုယ့်ရဲ့ သူမတူတဲ့ ဖြစ်တည်မှုများ, အတွေးအမြင်များ, လေ့လာတွေ့ရှိချက်များ, ရှုထောင့်များ, အောင်နိုင်မှုများကို သန်ရာလမ်းကြောင်း၌ ယုံကြည်မှုအပြည့်နဲ့ ရပ်တည်ကာ လောကကို အလှဆင်နိုင်ဖို့သာဖြစ်ပါတယ်။
တကယ်တော့…
ကြယ်လေးတွေက ပြိုင်ဆိုင်မှုကင်းပြီး ကောင်းကင်ယံမှာ သူမတူစွာ စုရုံး လင်းလက်ခွင့်ရှိကြတယ်…
ကြယ်လေးတွေက အရောင်အသွေးစုံပြီး စွမ်းရည်ကိုယ်စီနဲ့ တည်ရှိခွင့်ရှိကြတယ်…
ကြယ်လေးတွေက စကြ၀ဠာမှ မွေးဖွားပေးလိုက်တဲ့ မျိုးဆက်သစ်လေးတွေ ဖြစ်ကြတယ်…
ကိုယ်ကလည်း သူမတူတဲ့ ကြယ်တစ်ပွင့်ဖြစ်တယ်ဆိုတာ သံသယကင်းကင်း ယုံကြည်နေဖို့ပဲလိုပါတယ်…
Thar Htoo-Be Unique
Get a Free 30-Minute Coaching session now! Contact: https://t.me/buniqcoaching

