လူတိုင်းရဲ့ဘ၀မှာ သူမတူတဲ့ ဘ၀ဖြစ်စဥ်တွေနဲ့ ပြည့်နှက်နေကြပါတယ်။ ကိုယ်ဖြစ်နေလို့မို့ ဒီနေရာ,ဒီဘ၀, ဒီလမ်းကြောင်းကို လျှောက်နေရတယ်ဆိုတာ အသိအမှတ်ပြုဖို့လိုပါတယ်။ ကိုယ့်ရဲ့ဘ၀ဖြစ်စဥ်ဟာ အခြားလူရဲ့ဘ၀ဖြစ်စဥ်တွေနဲ့ ထပ်တူကျနေနိုင်မှာ မဟုတ်ကြောင်း, နှင့် ကိုယ်သာလျှင် ဖြစ်စဥ်မှာ အကောင်းဆုံးပဲ့ကိုင်နေတဲ့လူဖြစ်ကြောင်း အမှတ်ရဖို့လိုပါတယ်။
ဖြစ်စဥ်ရဲ့သဘောသဘာ၀ကို၌က ခန့်မှန်းရခက်တဲ့ ဘ၀ရဲ့ ပဟေဠိဆန်တဲ့ ခရီးဆိုတာကြောင့် လှိုင်းတွေလို တစ်ရှိန်ထိုး တက်သွားနိုင်မယ်, တစ်ရှိန်ထိုးလည်းကျသွားနိုင်မယ်, ဒါမှမဟုတ် နေမြဲနေဆဲ နေရာမှာ ကာလတစ်ခုထိ တည်တံ့နေနိုင်မှာဖြစ်တယ်။ ဒီလိုဆိုတဲ့အခါ မျှော်လင့်ထားတဲ့အရာတွေကြုံရတဲ့ ဖြစ်စဥ်အတွက် နှစ်ထောင်းအားရ ဖြစ်နေနိုင်သလို, မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေအတွက် ပူလောင်မှုနှင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေနိုင်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ဒါဟာ ဘ၀ဆိုတဲ့ ရသစုံရှိရာ ကမ္ဘာလေးဆိုပြီး အသိလေး၀င်လိုက်ရုံနဲ့ ဖြစ်နေတာတွေအပေါ် ခံစားရသက်သာသွားစေမှာဖြစ်ပါတယ်။
ကောင်းတဲ့အရာတွေဟာလည်း ဖြစ်စဥ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို, မလိုချင်တဲ့အရာတွေဟာလည်း ဖြစ်စဥ်ရဲ့ ပါ၀င်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ပြင်ဆင်ထားဖို့လိုနိုင်ပါတယ်။ ဆက်လက်ပြီး ကောင်းတဲ့အရာတွေအနေနဲ့ အမြင့်ဆုံးကိုခေါ်သွားနိုင်မှာဖြစ်သလို မကောင်းတဲ့အရာတွေကတော့ ကိုယ့်ကို ခံနိုင်ရည်ရှိလာစေအောင် လေ့ကျင့် ပေးနေမှာဖြစ်ပါတယ်။ သို့သော်လည်း ပြင်းအားကိုမှန်းဆနိုင်သူ, ခံစားသိမြင်နိုင်သူက ကိုယ်သာလျင်ဖြစ်နေတာမို့ ဘယ်လိုတုံ့ပြန်ရမလဲ, ဘယ်လိုဖြေရှင်းမလဲ,
ဘယ်လိုကျော်လွှားမလဲ, ဘယ်လို နေသားကျအောင်နေထိုင်သွားမလဲက မိမိတို့လုပ်နိုင်တဲ့ အရာများဖြစ်ကြပါတယ်…။
အကောင်းတွေက ဖြစ်စဥ်မှာ တည်တံ့နေနိုင်မှာ မဟုတ်,
အဆိုးတွေက ဖြစ်စဥ်မှာ တာရှည်နေနိုင်မှာ မဟုတ်,
အဖြေတတ်လို့မရတဲ့ အရာတွေကလည်း ဖြစ်စဥ်မှာ ကြာမြင့်နေမှာမဟုတ်,
ဒီတော့ မီးကုန်ယမ်းကုန် စိတ်ပျက်နေဖို့မလိုသလို, စိတ်လိုက်မာန်ပါလည်း ကြုံဆုံနေတာတွေအပေါ် တုံ့ပြန်နေဖို့မလိုပါဘူး။ ကိုယ်က ဖြစ်စဥ်မှာ ခရီးသည်ဆိုပေမဲ့ ခရီးပြောင်း၏မပြောင်း၏, ယာဥ်ပြောင်း၏ မပြောင်း၏,ထိုင်ခုံပြောင်း၏မပြောင်း၏ က ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်ရှိနေပါတယ်…။ ဒါဟာလည်း ဖြစ်စဥ်ထဲမှာရောက်နေတဲ့ ကိုယ့်ရဲ့အားသာချက်ဖြစ်နေပါတော့တယ်…။
တကယ်တော့ အတက်အကျ ဖြစ်စဥ်မှာ နေသားကျနေဖို့ပဲ မဟုတ်လား?
Thar Htoo-Be Unique

